Showing posts with label ဘာသာရေး. Show all posts
Showing posts with label ဘာသာရေး. Show all posts

Saturday, December 24, 2011

သံဃာ့ရတနာ တရားတော် - ဦးဉာဏိဿရ(သီတဂူဆရာတော်)

ကံမျှော်သူ နှင့် ကံချော်သူ



လူပျင်းတွေက…
“အတိတ်ကံရဲ့ အကျိုးပေးကိုသာ မျှော်လင့်နေတတ်ကြပါတယ်။ ပစ္စုပ္ပန်ကံ အသစ်ကို ဥာဏ်၊ ၀ီရိယတွဲကူပြီး အားမထုတ်တတ်ကြပါဘူး။”
“ညောင်ထောက်သူ ခြေကျိုး၊ ညောင်ချိုးသူ ရွှေအိုးရ” ဆိုသလို ပစ္စုပ္ပန်အလုပ်နှင့် လက်ရှိအကျိုး တလွဲတချော် ဖြစ်နေသူတွေကတော့…
ပစ္စုပ္ပန်ကံ တစ်ခုတည်းကိုပဲ ကွက်ကြည့်မိတဲ့အတွက် အားမလို အားမရ၊ မကျေမနပ်ဖြစ်ပြီး ကံကို အယုံအကြည်မရှိတဲ့ မိစ္ဆာဒိဋ္ဌိတွေ ဖြစ်သွားတတ်ကြပါတယ်။
(က) လူပျင်းတွေက…
“အတိတ်ကံရဲ့ အကျိုးပေးကိုသာ မျှော်လင့်နေတတ်ကြပါတယ်။ ပစ္စုပ္ပန်ကံ အသစ်ကို ဥာဏ်၊ ၀ီရိယတွဲကူပြီး အားမထုတ်တတ်ကြပါဘူး။”
ရှိပါတယ်နော်။ တချို့လူတွေ ပြောတတ်ကြတာ။ “မရှိလို့လုပ်စားတာ ဖြေးဖြေးပေါ့။ ကံပါရင် ရလိမ့်မယ်”တဲ့။ ပျင်းတာသက်သက်လို့ပဲ ထင်ပါတယ်။ အတိတ်ကံ မျိုးစေ့တွေ ရှိပေမယ့် အဲဒီ့မျိုးစေ့ကို မြေပေါ်ချမစိုက်ရင်၊ ရေ၊ နေ စတဲ့ အထောက်အပံ့တွေ မပေးနိုင်ရင်၊ ပေါင်းသင် ပြုစုခြင်းတွေ မလုပ်ရင် အပင်ပေါက်လာနိုင်မှာ မဟုတ်ပါဘူး။ ဥာဏ်၊ ၀ီရိယ မကူဘဲ ရစရာရှိရင် ရလိမ့်မယ်ဆိုပြီး ထိုင်မျှော်ရုံသက်သက်နဲ့တော့ ရဖို့မလွယ်ပါဘူး။ အတိတ်သံသရာက ပြန်ဆပ်လာမယ့် ကံကြွေးကိုထားလို့ လက်ရှိဘ၀မှာ ပေးမိတဲ့ အကြွေးတောင် နည်းမျိုးစုံနဲ့ မနည်းကို အားထုတ်ပြီး ပြန်တောင်းနိုင်မှ မှန်းထားတဲ့အတိုင်း ရတတ်ကြတာပါနော်။ ဘာမှ အားမထုတ်ရဘဲ အလိုလို ပြန်ရတယ်ဆိုတာ ရှိတော့ရှိမယ်။ ရှားပါလိမ့်မယ်။ မိမိတို့အနေနဲ့လည်း ဆပ်လာမယ့် ကုသိုလ်ကံကြွေးကို ကျေနပ်လောက်တဲ့ အတိုင်းအတာအထိရနိုင်ဖို့ (မိုးရွာရင် မိုးရေကို လိုအပ်တဲ့နေရာရောက်အောင် ကွက်တိစီးစေနိုင်ဖို့ မြောင်းကြိုဖောက်ထားရသလိုမျိုး) ဥာဏ်၊ ၀ီရိယကူပြီး ကုသိုလ်မြောင်းလေး ကြိုဖောက်ထားဖို့ လိုပါတယ်။ မြောင်းထဲမှာလည်း အမှိုက်တွေနဲ့ ပိတ်မနေအောင်၊ ရေစီးရေလာကောင်းအောင် ကြိုရှင်းပေးထားရပါမယ်။ ကုသိုလ်ကတော့ အကျိုးပေးလာပါပြီ။ မိမိတို့က အကုသိုလ်ကံတွေနဲ့ ပိတ်မိနေပြီး ကောင်းကျိုးရသင့်သလောက် မရဘဲ ဖြစ်တတ်လို့ပါ…။

Tuesday, December 13, 2011

သန္ဒိဌိက ဓမ္မလမ်းစဉ် ( ဝေဘူဆရာတော်...အဆုံးအမ )


ဘုရားအဆုံးအမဖြစ်တဲ့ ပိဋကတ်သုံးပုံ အကုန်လုံးဟာ ‘ဆင်းရဲလွတ်မှုတစ်ခု’ဖြစ်လို့ နည်းတွေများသော်လည်း အားလုံးအတူတူပဲ။ အကုန်လုံးလိုက်ပြီး လုပ်စရာမလိုဘူး။ အများကြီးထဲက ကြိုက်ရာတစ်ခုကို ၀ီရိယမှန်မှန်နဲ့ သန်သန်လုပ်ဖို့ အရေးကြီးတယ်။

စရဏ (အကျင့်) နဲ့ ၀ိဇ္ဇာ (အသိ) တပြိုင်နက်ဖြစ်အောင် လုပ်ရတယ်။ တစ်ချိန်တည်းမှာ အလုပ်နှစ်ခုပြီးတာ ဒါပဲရှိတယ်။ (အလုပ်လုပ်ရင်း ရအောင်ရှုပါ။)

ဘုရားစကား၊ ဆရာ့စကား တစ်ထစ်ချနာယူ၊ အရာရာ ရိုသေ၊ ကိုယ်ကို နှိမ့်ချ၊ ခန္တိနဲ့ မေတ္တာ များများထားပြီး လုပ်ရတယ်။

‘၀ိပဿနာတရား’ဆိုတာ ထင်ရှားတဲ့တရားကို မြင်အောင် ရှုမှတ်ခြင်းပင်ဖြစ်တယ်။ ထင်ရှားရှိတဲ့တရားကို မြင်အောင်မရှုနိုင်ရင် ၀ိပဿနာ မဖြစ်ဘူး။

ထင်ရှားတဲ့ တရားဆိုတာ တခြားမှာသွားပြီး ရှာရတာမျိုးမဟုတ်ဘူး။ ရှောင်မရ၊ တိမ်းမရ မမြင်ချင်လို့ မနေရအောင် ကိုယ်မှာ အမြဲထင်ရှားရှိနေတဲ့ ရုပ်နာမ်တရားတွေပဲ ဖြစ်တယ်။

ကိုယ်မှာ အမြဲထင်ရှားရှိတဲ့ ရုပ်နာမ်တရားတွေထဲမှာ လူတိုင်း နားလည်လွယ်ကူတာဟာ ‘အာနာပါန’ ၀င်လေထွက်လေ ရှုမှတ်မှု ဖြစ်တယ်။

‘ထွက်လေ ၀င်လေ’ဆိုတာ အမိဝမ်းမှ မွေးကတည်းက သေသည်အထိ အမြဲမပြတ် တရစပ်ရှိနေတဲ့ တရားသဘော ဖြစ်တယ်။ အလုပ် လုပ်နေရင်း၊ စကားပြောနေရင်း၊ စာကျက်နေရင်း၊ အိပ်ပျော်နေရင်းလည်း ရှိနေတာပဲ။

Friday, December 9, 2011

ကမ္မဋ္ဌာန်းအားထုတ်ပါ




ဆိတ်,တင်,ဖြောင့်,ငါး၊ရှေ့မြဲ-ပွား,ကြိုးစားဘာဝနာ။

ကမ္မဋ္ဌာန်း။     ။ကမ္မဋ္ဌာန ပါဠိကို မြန်မာလို ကမ္မဋ္ဌာန်း ဟုခေါ်ကြ၏(ကမ္မ-ဘာဝနာအလုပ်၏+ဋ္ဌာန-တည်ရာ။)ကမ္မဋ္ဌာန်းအားထုတ်မူကိုပင် ဘာဝနာအလုပ် ဟုလည်းခေါ်၏(ဘာဝနာ-မိမိစိတ်ကို သာမန်လူများကဲ့သို့ သေးသေးသိမ်သိမ် မဖြစ်စေဘဲ၊ ကြီးမားစေခြင်း၊တိုးပွားစေခြင်းအလုပ်။) ကမ္မဋ္ဌာန်းအာထုတ်ရာ၌ အစဉ်အတိုင်း ဖြစ်နေသောစိတ်သည် ဘာဝနာအလုပ်ဖြစ်သောကြောင့် ကမ္မ မည်၏ ထိုဘာဝနာကမ္မ၏တည်ရာဖြစ်သော ဗုဒ္ဓဂုဏ်တော်စသော အာရုံများသည် ဌာနမည်၏။
ကမ္မဋ္ဌာန်း ၂ မျိုး။   ။ ထိုကမ္မဋ္ဌာန်းသည် သမထကမ္မဋ္ဌာန်း ၀ိပဿနာကမ္မဋ္ဌာန်းဟု (၂)မျိုးရှိ၏။ ထိုတွင် စိတ်တည်ကြည်၍ကိလေသာအပူတွေကို ငြိမ်းစေနိုင်သော သမာဓိကို “သမထ” ဟုခေါ်၏ ထိုသမထကမ္မဋ္ဌာန်းသည် ဗုဒ္ဓါနုဿတိ၊မေတ္တာ၊အသုဘ၊မရဏာနုဿတိ၊အာနပါနစသောအားဖြင့် အကျယ်(၄၀)ရှိ၏။ ရုပ်နှင့်စိတ်စေတသိက်ကို သင်္ခါရ ဟုခေါ်၏၊ ထိုရုပ်နာမ်သင်္ခါရတို့ကို အနိစ္စ၊ဒုက္ခ၊အနတ္တဟုရူနေသော ဥာဏ်ကို “၀ိပဿနာ” ဟု ခေါ်၏။ ထိုဝိပဿနာကမ္မဋ္ဌာန်းကား-အချုပ်အားဖြင့် အနိစ္စာနုပဿနာ၊ဒုက္ခာနုပဿနာ၊အနတ္တာနုပဿနာဟု (၃)မျိုးသာရှိသည်။

Sunday, December 4, 2011

မကောင်းကံနှင့်ကောင်းကံ

   မကောင်းမူကို ပြုသူသည် ဤပစ္စုပ္ပန် ဘ၀၌လည်း စိုးရိမ်ပူပန်ရ၏။
   နောင်တမလွန်ဘ၀၌လည်း စိုးရိမ်ပူပန်ရ၏။
   ပစ္စုပ္ပန် တမလွန် နှစ်ဘ၀လုံး၌ စိုးရိမ်ပူပန်ရ၏။
   ထိုသူသည် မိမိ၏ညစ်ညူးသော အကုသိုလ်ကံကြမ္မာကို မြင်၍ စိုးရိမ်ပူပန်ရ၏။
   စိုးရိမ်ပူပန်ရသည်နှင့်အမျှ ပင်ပန်းရ၏။


မိမိပြုခဲ့သော ကံသည် မိမိအနေဖြင့် ကောင်းသည်ဟု ထင်၍ လုပ်ခဲ့ခြင်းဖြစ်စေကာမူ သေခါနီးကာလ၌ သူ့သဘောသူဆောင်ကာ ကံနိမိတ်၊ ကမ္မနိမိတ်၊ ဂတိနိမိတ်သုံးပါးတို့တွင် တစ်ပါးပါးသော နိမိတ်ဖြင့်တူသောအကျိုးပေးသည့်
သဘောကို မလွဲမသွေပြမည်ဖြစ်ပါတယ်။ ၀ရမ်းပြေး လူဆိုးသည် ရာဇ၀တ်ဘေးမှပြေး၍ လွတ်ချင်လွတ်ပါမယ်၊အကုသိုလ်ကို ပြုလုပ်ခဲ့ပါက ထိုအကုသိုလ်ကို မဂ်ဥာဏ်ဖြင့် မပယ်သတ်နိုင်လျှင် (၃၁)ဘုံ၌ ဘယ်နေရာပြေးပြေး
ယင်းအကုသိုလ်၏ပြစ်ဒဏ်မှ မလွတ်နိုင်။ ပုထုဇဉ်ဖြစ်လျှင် အပါယ်လေးပါးသို့ပင်ကျနိုင်ပါတယ်။

Wednesday, November 30, 2011

သက်သတ်လွတ်နဲ့ ရသတဏှာ

တစ်လောက မဟာယာန ဗုဒ္ဓဘာသာဝင် ဒကာမကြီးတစ်ယောက် ကျောင်းကိုရောက်လာခဲ့ပါတယ်။ ဒကာမကြီးရောက်တဲ့ အချိန်နဲ့ ဆွမ်းစားချိန်တိုးနေတဲ့အတွက် ဆွမ်းဝိုင်းနားမှာပဲ ခဏစောင့်နေဖို့ ပြောရင်း ဆွမ်းစားနေခဲ့ပါတယ်။ အဲဒါကို အနားမှာထိုင်နေတဲ့ ဒကာမကြီးက ဆွမ်းဝိုင်းပေါ်မှာရှိတဲ့ အသားဟင်းခွက်တွေကို ကြည့်ပြီး “အရှင်ဘုရားတို့က ဘာဖြစ်လို့ ဒီလောက်အသားဟင်းတွေ စားရတာလဲ…၊ တပည့်တော်တို့ ဘုန်းကြီးတွေဆို အသားဟင်းမစားဘဲ အမြဲတမ်း သက်သတ်လွတ်ပဲ စားတယ်၊ နေ့တိုင်း သက်သတ်လွတ်စားတော့ ကုသိုလ်လည်းပိုရ၊ သတ္တ၀ါတွေ အပေါ်မှာထားတဲ့ မေတ္တာဓာတ်လည်း ပိုအားကောင်းတာပေါ့ ဘုရား၊ အရှင်ဘုရားတို့လည်း သက်သတ်လွတ်စားနိုင်အောင် ကြိုးစားပေါ့ဘုရား”လို့ သူပြောချင်ရာကို ပြောလည်းပြော လျှောက်လည်းလျှောက်နေပြန်ပါတယ်။

တစ်ခါတုန်းကတော့ ဒကာမကြီးတစ်ယောက်က သူ့အမျိုးသား အမြဲသက်သတ်လွတ် စားနေတဲ့အတွက် သူစားဖို့ ချက်ပြုတ်ပေးရတာလည်း တစ်ဒုက္ခဖြစ်နေတဲ့အကြောင်း ပြောလာပြန်ပါတယ်။ သူ့ဒကာကြီး သက်သတ်လွတ် စားဖို့အတွက် အသားတုတွေ လိုက်ပြီးရှာဝယ်ရတာလည်း အတော်မလွယ်တဲ့ ကိစ္စဖြစ်ကြောင်း၊ ကြာတော့ သူသက်သတ်လွတ်စားတာကနေ မြန်မြန်ထွက်ပါစေလို့တောင် ဆုတောင်းမိတဲ့အကြောင်း စသဖြင့် သူ့ဒုက္ခကို ပြောပြဖူးပါတယ်။

Friday, November 18, 2011

ဆုတောင်းခြင်း - ၊အရှင်ကေ၀လ(အလင်းစက်)

ဗုဒ္ဓဘာသာဝင်တို့သည် အလှူတစ်ခုကိုပြုပြီးတိုင်း “ဆုတောင်း”သည့်အလေ့ရှိကြသည်၊၊ ဆုတောင်း ခြင်းသည် ဗုဒ္ဓဘာသာ၏အရေးပါသော ဘာသာရေးယဉ်ကျေးမှုတစ်ခုပင် ဖြစ်ပါသည်၊၊ တောင်းဆိုလေ့ရှိကြသည့် “ဆု” အများစုမှာ အသက်ရှည်လိုခြင်း၊ ကျန်းမာလိုခြင်း၊ စီးပွားတိုးတက်လိုခြင်း၊ ဘေးအန္တရာယ်ကင်းလိုခြင်းနှင့် ဘ၀လိုအပ်ချက်များစွာတို့ဖြစ်ကြသည်၊၊
ထိုသို့ဆုများစွာကို တောင်းသည့်အခါ တောင်းသောဆုများ ရရှိသည်များလည်း ရှိသည်၊ မရရှိကြ သည်များလည်း ရှိပါသည်၊၊ ဗုဒ္ဓဘာသာတွင် သာမန်ချမ်းသာမှအစပြု၍ ဘုရားအဖြစ်တိုင်အောင် “ဆု တောင်းမှု”ကိုရှေးဦးစွာပြုရကြောင်း၊ ပြီးလျင် တောင်းသည့်ဆုအလျောက် လိုအပ်သည့်“ပါရမီ”များကို ဖြည့်ဆည်းရကြောင်း ပါဠိစာပေတွင်ညွှန်ပြထားပါသည်၊၊

Sunday, November 13, 2011

မိန်းမလိုက်စားခြင်းသည် ပျက်စီးခြင်း၏အကြောင်းဖြစ်သည်



ဝိဓူရဇာတ်၌ ဝိဓူရပညာရှိအမတ်ကြီးက မိန်းမလိုက်စားလွန်ကြူသူများကို တေဇသင်္ခတံ=အားအစွမ်း၊ တန်ခိုးအစွမ်း ပညာအစွမ်းတို့၏ ကုန်ခမ်းခြင်းကို၊သမ္ပသံ(သမ္ပသန္တော)=မြော်မြင်သည်ဖြစ်၍၊ဣတ္ထိံ= မိန်းမ ကို၊ဗဠံ=လွန်လွန်ကြူးကြူး၊နဂစ္ဆေယျ=မသွားလာစေရ။(စေ-ဂစ္ဆေယျ=အကယ်၍သွားလာငြားအံ့။)၊ခီလာ မေဒေါ=အသွေးအဆီ ကြုံလှီခြောက်ခန်းသည်ဖြစ်၍၊ကာသံ=ချောင်းခြောက် ရောဂါစွဲကပ်ခြင်းသို့ လည်းကောင်း၊ဒရံ=ကိုယ်ပူရောဂါ။ ဆီးပူရောဂါ စွဲကပ်ခြင်းသို့လည်းကောင်း၊ဗာလျံ=အားအင်ကုန်ခန်း နွမ်းရိ ခြင်းသို့လည်းကောင်း၊နိဂစ္ဆတိ=ရောက်တတ်၏။ဟုဆုံးမတော်မူဖူးပါတယ်။
မိန်းမလိုက်စား အပျော်ကြူးသောသူသည် ကိုယ်ပိုင်ဇနီးမယားနှင့် မတင်းတိမ်မရောင်ရဲနိုင်သည်ဖြစ်၍ မြင်သမျှ မိန်းမကို ပူးကပ်သွေးဆောင်တတ်၏။မိန်းမလိုက်စားလေ့ရှိသူ၏ မျက်နှာမှာ မိန်းမနှင့်တွေ့သည့် အခါ မျက်နှာပြောင်တတ်၍ နှုတ်ချို လျှာတတ်နှင့် အရှက်မရှိ စကားသွက်၏။မိမိကိုယ်ကို သားနားသပ်ရပ်စွာ ပြင်ဆင်တတ်၍ မာယာပြစ်ဖုံး ဟိတ်ဟန်သုံးလျှက် လှည့်လည်တတ်သည်။မိန်းမကိုပေးရန်အတွက်မူ နှမြော ခြင်းမရှိ ရက်ရက်ရောရောပေးလေ့ရှိ၏။မိမိအလိုမလိုက်သေးသ၍ ကိုယ်ရောစိတ်ပါ အညံ့ခံ ချဉ်းကပ်တတ် လေသည်။
မိမိချဉ်းကပ်နေသော မိန်းမအလိုကျ ဆောင်ရွတ်ရမည်ဆိုလျှင် ထိုမိန်းမက မျက်စ တစ်ချက်ချီရုံမျှနှင့် … စေတနာ ဇောအဟုန်ကြွ၍ ခြေလက်တို့ သွက်လက်စွာ စက်ကဲ့သို့ ခိုင်းသမျှ လုပ်ပေးတတ်၏။ပိုးပန်းပေး ကမ်းရခြင်းအတွက် စေတနာ ရေစီးကမ်းပြိုလိုက်၍ အနည်းငယ်မျှ တွက်ကပ်ခြင်းမရှိ။မိန်းမလိုက်စားခြင်း သည် ငွေကြေးကုန်ခန်းခြင်းဖြင့် အစပျိုးကာ ဥစ္စာပျက်စီးကြောင်း အမှန်ဖြစ်လေ၏။စီးပွားရေးပြုန်းတီးခြင်းမျှ သာမဟုတ်သေး။အနာရောဂါထူပြော၍ ကျန်းမာရေးတည်းဟူသော လာဘ်ကြီးလည်းဆုံး၍ လူညွန့်တုံးဘဝ ကျရောက်ကာ ဘဝဆုံးရတတ်ပါတယ်။

အရက်သေစာသောက်စားခြင်းသည် ပျက်စီးခြင်း၏ အကြောင်းဖြစ်၏


ယခုခေတ်မှာ အရက်သောက်မှ ခေတ်မီသည်ဟူသော အယူအဆ ပျံ့နှံ့လျက်ရှိသည်။အနောက်တိုင်း အလေ့ အထများ ပျံ့နှံ့သောကြောင့် ဖြစ်ပေမည်။ ယမကာဝိုင်းဖွဲ့ခြင်းသည် ယဉ်ကျေးမှုတစ်ရပ်ကဲ့သို့ ဖြစ်လာရုံမက သာမန် ဆွေးနွေးခြင်းထက် သဘောတူညီမှု အကျိုးတူ ပူးပေါင်းဆောင်ရွတ်မှုများ ရရှိသောကြောင့် လုပ်ငန်းအောင်မြင်သည်ဟူသော အယူအဆဖြင့် နိုင်ငံတော် အခမ်းအနားများပင် အရက်ခွက် တစ်ကိုင်ကိုင် နှင့် တွေ့နေရသည်။
အချို့က အရက်ကို အလွန်အကျွံမသောက်လျှင် စိုးရိမ်စရာမရှိဟုဆိုကြသည်။ဆေးဖြစ်ဝါးဖြစ် အတိုင်းအတာ နှင့် သောက်သည်ဟုဆိုကြသော်လည်း အကျင့်ဖြစ်သွားပါက မသောက်ရမနေနိုင်ဖြစ်တတ်သည်။ မိတ်ဖြစ် ဆွေဖြစ် သောက်ခြင်းမှစ၍ အရက်စွဲသွားတတ်၏။အလုပ်ပင်ပန်းသည့်အခါ အကြောအခြင်ပြေစေရန် စားကောင်းအိပ်ကောင်းမည်အထင်နှင့် အစာမစားခင်၊အိပ်ရာမဝင်ခင် သောက်ရာမှ အရက်စွဲသွားပြီး သေခါနီးအထိ သောက်သွားသူများကို ကြုံတွေ့ဖူးကြပေမည်။
ထမင်းဟင်း အစားအသောက်ထက် အရက်ကိုမက်၍ သောက်ကြသဖြင့် အရက်နာကြသည်။အတိုင်းအတာ အချိန်အဆမရှိ အလွန်အကျွံသောက်၍ ကျန်းမာရေးထိခိုက်လာသည်။အလွန်ကြံ့ခိုင် သန်စွမ်းသော လူငယ် လူရွယ်များပင် အရက်ကြောင့်ပြင်းထန်စွာ ခံစားရပြီး ငယ်ငယ်ရွယ်ရွယ်ဖြင့်ဘဝဆုံးကြရသည်။
စိတ်ရွှင်လန်းကြည်နူးစရာကောင်းသော နံနက်ခင်းမိုးသောက်နှင့် ညနေဆည်းဆာအချိန်များမှာ အရက်သောက်နေကြ၍ ဘဝအတွက် အခက်အခဲ အကျပ်အတည်းများကို ဖြေရှင်းရန် မစဉ်းစားနိုင်ကြပေ။ သောက်စားမူးယစ်ပြီး အဖိုးတန်အချိန်များ နှမြောစရာအချိန်များ နှမြောစရာ ဆုံးရှုံးနေကြရ၏။

Wednesday, November 9, 2011

ဗြဟ္မာဖြစ်ကြောင်းနှင့် ဗြဟ္မစိုရ်လေးပါး ပွားများပုံ




အရင်တစ်ကြိမ်က ဗြဟ္မာကျင့်စဉ် နှင့် ဗြဟ္မာ့ပြည်အကြောင်းကို ဖြေပေးရာက တဆင့် ဘယ်လို ကျင့်စဉ်တွေ ကျင့်ရင်   ဗြဟ္မာ့ပြည် ကို ရောက်နိုင်ပါမည်လဲ လို့ အမေးရှိလာတာကြောင့် ဒီဆောင်းပါးကို ထပ်မံရေးသားလိုက်ပါ သည်။
အတိုချုပ်အနေဖြင့် ဗြဟ္မာ့ပြည်ကို ရောက်ကြတယ် ဆိုတာ ပုထုဇဉ်ဘ၀ဖြင့် လောကီဈာန်များကို ရရှိပြီး  ဈာန်မလျော ပဲ သေ လွန်လျင် ရောက်နိုင်ကြခြင်း၊ ထို့ထက်အဆင့်မြင့်သော အရိယာအဆင့် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်အဖြစ်ဖြင့် တဆင့်ဆင့် ကိုရောက်ရှိပြီး လောကုတ္တရာဈာန်များရရှိကာ ရောက်နိုင်ကြခြင်းအားဖြင့် ၂ မျိုးခွဲခြား မှတ်သားနိုင်ပါတယ်။

မေတ္တာကမ္မဋ္ဌာန်း

မေတ္တာကမ္မဋ္ဌာန်း ပွားများနည်း (၁)…

မေတ္တာကမ္မဋ္ဌာန်းကို ပွားများအားထုတ်မယ့် ပုဂ္ဂိုလ်ဟာ မပွားခင် သိထားရမှာက (၁) အရင်ဆုံး အစပြုပြီး မပွားများသင့်တဲ့ပုဂ္ဂိုလ်၊ (၂) သီးသန့် မပွားများသင့်တဲ့ ပုဂ္ဂိုလ်နဲ့ (၃) လုံးဝ မပွားများသင့်တဲ့ ပုဂ္ဂိုလ်တွေကို သိထားဖို့ လိုအပ်ပါတယ်။ မေတ္တာကမ္မဋ္ဌာန်း စပွားများတဲ့ ပုဂ္ဂိုလ်တွေဟာ
၁။ မချစ်မနှစ်သက်တဲ့ပုဂ္ဂိုလ်
၂။ အရမ်းချစ်ခင်နှစ်သက်တဲ့ပုဂ္ဂိုလ်
၃။ မချစ်မမုန်း အလယ်အလတ်ပုဂ္ဂိုလ်
၎။ ရန်သူပုဂ္ဂိုလ် ဖြစ်တဲ့ ဒီပုဂ္ဂိုလ်လေးယောက်ကို အရင်ဆုံးစပြီး မပွားများသင့်ပါဘူး။ မချစ်မနှစ်သက်တဲ့ ပုဂ္ဂိုလ်ကို ချစ်ခင်နှစ်သက်တဲ့ ပုဂ္ဂိုလ်အရာမှာထားပြီး ပွားများတဲ့အခါ၊ အလွန်ချစ်ခင်နှစ်သက်တဲ့ ပုဂ္ဂိုလ်ကို မချစ်မမုန်း အလယ်အလတ်ပုဂ္ဂိုလ်အဖြစ် ပွားများတဲ့အခါ၊ အလယ်အလတ်ပုဂ္ဂိုလ်ကို လေးစားထိုက်တဲ့ ပုဂ္ဂိုလ်၊ ချစ်ခင်နှစ်သက်တဲ့ ပုဂ္ဂိုလ်နေရာတွေမှား ထားပြီး ပွားများတဲ့အခါ ပင်ပန်းတတ်သလို၊ ရန်သူပုဂ္ဂိုလ်ကို အဖန်ဖန် ပွားများနေပါကလည်း ဒေါသဖြစ်ပေါ်တတ်ပါတယ်။ ဒါကြောင့် မေတ္တာကမ္မဋ္ဌာန်းကို စပြီး ပွားများတဲ့ပုဂ္ဂိုလ်ဟာ ဒီပုဂ္ဂိုလ်လေးယောက်ကစပြီး မပွားသင့်ဟု ဆိုခြင်းဖြစ်ပါတယ်။

Sunday, November 6, 2011

ရဟန်းဘ၀၏ ပစ္စုပ္ပန်အကျိုးများနှင့် တန်ဆောင်မုန်းလပြည့်

ငယ်စဉ်က တန်ဆောင်မုန်းလပြည့်နေ့ဟူသည် ပံ့သုကူဖွတ်သူက ဖွတ်၊ ရှာသူက ရှာဖြင့် ပျော်စရာကောင်းသော ညတည ဟူ၍သာ သိမှတ်ခဲ့ဖူးသည်၊ ထိုညတွင် လမင်းကြီး ထိန်ထိန်သာ နေသည်ကိုတော့  မှတ်မိနေသည်။ ထိုလ မင်းကြီး ထိန်ထိန်သာနေ သည်ကို အကြောင်းပြုကာ ထင်ရှားသော အဖြစ်အပျက်များစွာဖြင့်  သာသနာ့ဘောင် ရဟန်း ဘောင် ၀င်ရခြင်း၏ ပစ္စုပ္ပန်ဘ၀ရရှိနိုင်သော အကျိုးကျေးဇူးများကို ဖော်ပြသော တန်ဖိုးဖြတ်မရသော သုတ္တန်ဒေသနာ တစ်ခု ရှိခဲ့သည်ကိုတော့ ယခုမှ သဘောပေါက်ရသည်။

တန်ဆောင်မုန်းလပြည့်နေ့ နှင့်စပ်ဆက်အဖြစ်အပျက်များ

ကြယ်တွေ စုံသောည၊ နက္ခတ်တာရာများ အားလုံး စုံသောည၊ ဆေးပေါင်းခ-သောည စသည်ဖြင့် ယနေ့ခေတ် လူတို့ ခေါ်ဝေါ်နေကြသည်ကား အခြားမဟုတ်၊ နက္ခတ် ကြယ်တာရာများ စုံလင်နေချိန်တွင် ဆေးဖော်ခြင်း၊ မန္တာန်စီရင်ခြင်း စသည်များ ပြုလုပ်ပါက အောင်မြင်ပေါက်မြောက်နိုင်သည်ဟု ဆရာတို့ ဆိုခဲ့ကြသောကြောင့် ခေတ်စား နေကြဆဲပင်။

ဓမ္မဒါနအကြောင်း သိကောင်းစရာ


တရားအလှူနဲ့ပတ်သတ်ပြီး ရှင်းရှင်းသိချင်တယ်။ ဘယ်လိုအရာမျိုးတွေဟာ တရားအလှူမှာ ပါဝင်သလဲဆိုတာကို ဦးဇင်းဆိုဒ်မှာ မေးထားတဲ့အတွက် ရှင်းပြပေးလိုက်ပါတယ်။

တရားအလှူနဲ့ပတ်သတ်ပြီး မြတ်ဗုဒ္ဓက ဓမ္မပဒပါဠိတော်၊ တဏှာဝဂ်၊ သက္ကပဥှသုတ်မှာ သိကြားမင်းရဲ့ အမေးကို ဖြေကြားပေးထားတာ ရှိပါတယ်။ မြတ်ဗုဒ္ဓမိန့်ကြားခဲ့တာကတော့ “သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ” အလှူတကာ့အလှူထဲမှာ တရားအလှူဟာ အကောင်းဆုံးအမြတ်ဆုံးပါတဲ့။ ဘယ်လိုဟာတွေက ဓမ္မဒါနမည်သလဲဆိုတော့ သူတစ်ပါးအား မိမိသိသမျှ သူတော်ကောင်းတရားများ ဖြန့်ဝေဟောကြားပြောဆို ဆုံးမရေးသားပေးခြင်းဆိုတဲ့ ဓမ္မဒေသနာ၊ သူများဟောကြား ပြောဆိုဆုံးမရေးသားတင်ပြတာတွေကို နာယူမှတ်သား ဖတ်ရှု့ခြင်းဆိုတဲ့ ဓမ္မသ၀နာ၊ ဒီလိုနှစ်မျိုးကို ဓမ္မဒါနလို့ ခေါ်ပါတယ်။

မြတ်ဗုဒ္ဓဟောကြားခဲ့တဲ့ သူတော်ကောင်းတရားတွေကို မနာဘူးဆိုရင် ဘယ်သူမှ ရဟန္တာဖြစ်ပြီး နိဗ္ဗာန်ကို မရောက်ပါဘူးတဲ့။ အဲဒီလိုပါပဲ မိမိသိတာကို သူတစ်ပါးအား ဟောပြောမပေးဘူးဆိုရင်လည်း နောက်လူတွေ နိဗ္ဗာန်ကို မရောက်နိုင်ဘူးတဲ့။ အဲဒါကြောင့် ဒီလိုဟောပြောပေးခြင်း၊ သူများဟောတာကို နာကြားပေးခြင်းဟာ အလွန်တရာတန်ဖိုးရှိလှတဲ့အတွက် ဒါနကောင်းမှုများထဲမှာတော့ အမြတ်ဆုံးဖြစ်ပါတယ်လို့ မိန့်ကြားခဲ့ပါတယ်။ ဒါကတော့ မြတ်ဗုဒ္ဓရဲ့ လိုရင်းကို ပြောပြတာပါ။

Thursday, October 27, 2011

ကုသိုလ်ကောင်းမှုနဲ့ ရက်ကောင်းရက်မြတ်

တစ်လောက မြန်မာပြည်မှာရှိတဲ့ ရဟန်းဒကာမ တစ်ဦးထံက ဖုန်းဝင်လာပါတယ်။ “ကျန်းမာရေး မကောင်းတဲ့ အမေအတွက် အလှူလုပ်ပေးဖို့ဟာ အလှူလုပ်မယ့်ရက်က ပြဿဒါးရက်ကြီး ဖြစ်နေလို့
အမေတစ်ခုခုဖြစ်မှာ စိုးတဲ့အကြောင်း၊ အဲဒါ ဘယ်နေ့လုပ်သင့်တယ်ဆိုတာ အရှင်ဘုရားဆီက အကြံဉာဏ်တောင်းလိုတဲ့ အကြောင်း” လျှောက်လာပါတယ်။ ဖြစ်မှဖြစ်ရလေ။ ကုသိုလ်လုပ်တာပဲ ပြဿဒါးရက် ဖြစ်နေလို့တဲ့။ လွဲနေတာကို ပြောတာပါ။ “အမေတစ်ခုခုဖြစ်မှာစိုးရင် ဟိုရက်ဒီရက် ရွေးမနေနဲ့ အမေဘာမှ မဖြစ်ခင် အမြန်သာလုပ်ပေးလိုက်”လို့ ဘုန်းဘုန်းက ပြောလိုက်ပါတယ်။ သူတို့ယူဆသလို ကုသိုလ်လုပ်တာတောင် ရက်မကောင်းလို့ ကောင်းတဲ့ရက်ကို စောင့်ရင်း လုပ်ကြမယ်ဆိုရင်တော့ သေမယ့်သူက သေသွားမှဖြင့် ဘာမှကို ရလိုက်ကြမှာ မဟုတ်ပါဘူး။

Saturday, October 22, 2011

သမ္ဗုဒ္ဓေအကျိုး နှင့် တန်ခိုးအနန္တ


သမ္ဗုဒ္ဓေဂါထာတော်သည် မြတ်ဗုဒ္ဓဟောကြားခဲ့သော ဂါထာမဟုတ်ပါ။
သမ္ဗုဒ္ဓေဂါထာတော်မြတ်သည် ပိဋကတ်သုံးပုံတွင် ပါဝင်သော ဂါထာလည်း မဟုတ်ပါ။
သမ္ဗုဒ္ဓေဂါထာကို မည်သူက စတင်ဖွဲ့နွဲ့ သီကုံးခဲ့သည်ကိုလည်း မသိရပါ။
သို့သော် မြတ်ဗုဒ္ဓ၏ သာသနာအလင်းရောင် မြန်မာနိုင်ငံဝယ် စတင်ဖြန့်ကျက်သည့် သထုံခေတ်မှ စတင်ပေါ်ပေါက်လာသည်ဟုသာ ရဟန်းပညာရှိ၊ လူပညာရှိများက ခန့်မှန်းခဲ့ကြသည်။

ထိုသထုံခေတ် သာသနာတော် လင်းရောင်ခြည် စတင်ထွန်းလင်းသည့်ခေတ်မှသည် မြန်မာနိုင်ငံတဝန်းသို့ သမ္ဗုဒ္ဓေဂါထာတော်မြတ်ကြီး ပျံ့နှံ့ခဲ့ပါသည်။
ဤသို့ သမ္ဗုဒ္ဓေဂါထာတော်မြတ်ကြီး ပျံ့နှံ့သွားခြင်းမှာ သမ္ဗုဒ္ဓေဂါထာတော်မြတ်သည် ရိုးရိုးကုသိုလ်ရအောင် ဘုရားရှိခိုးအဖြစ်သာမက ယခုမျက်မှောက်ဘဝ၌ တွေ့ကြုံရင်ဆိုင်ရမည့် ဘေးဆိုးအမျိုးမျိုး၊ အန္တရာယ်ဆိုး အဖုံဖုံတို့မှ လက်တွေ့ မျက်တွေ့ ပွဲတွေ့ အန္တရာယ်ကင်းကြသည်ကို တွေ့ကြုံခံစားကြရသဖြင့် နာမည်ကြီးပြီး ပူဇော်ကန်တော့ကြခြင်း၊ ရွတ်ဖတ်သရဇ္ဈာယ်ကြခြင်း ဖြစ်သည်။

Sunday, October 16, 2011

သေခြင်းလေးမျိုး


(နတ်တို့ သေခြင်းလေးမျိုး)
အဋ္ဌကထာဆရာတော်က နတ်တို့ရဲ့ သေခြင်း လေးမျိုးကို ဖော်ပြထားတယ်။
ဒေဝလောကတော ဟိ ဒေဝပုတ္တာ အာယုက္ခယေန, ပုညက္ခယေန, အာဟာရက္ခယေန, ကောပေနာတိ စတူဟိ ကာရဏေဟိ စဝန္တိ။

ဟိ-အထူးမှတ်ဖွယ်ကား၊ ဒေဝလောကတော-နတ်ပြည်လောကမှ၊ ဒေဝပုတ္တာ-နတ်သားတို့သည်၊
(၁)အာယုက္ခယေန-အသက်တမ်းကုန်ခြင်းကြောင့်၎င်း၊
(၂) ပုညက္ခယေန-ကောင်းမှုကုသိုလ်ကံစွမ်း ကုန်ခြင်းကြောင့်၎င်း၊
(၃) အာဟာရက္ခယေန-အစာအာဟာရ ကုန်ခန်းခြင်းကြောင့်၎င်း၊
(၄) ကောပေန-အမျက်ထွက်ခြင်းကြောင့်၎င်း၊ ဣတိ-ဤသို့၊ စတူဟိ ကာရဏေဟိ-လေးပါးသော အကြောင်းတို့ကြောင့်၊ စဝန္တိ-စုတိပြတ်ကြွေ သေလွန်ကြရကုန်၏။


နတ်ပြည်လောက နတ်သားများ စုတိရတာဟာ အကြောင်းလေးပါး ရှိတယ်တဲ့---
အာယုက္ခယ မရဏ၊ ပုညက္ခယ မရဏ၊ အာဟာရက္ခယ မရဏ၊ ကောပ မရဏ-လို့ ပါဠိလို လေးမျိုးရှိတယ်။
၁။ အာယုက္ခယ မရဏ- ဆိုတာ ကုသိုလ်ကံအဟုန် အင်မတန်အားကောင်းတဲ့ နတ်များကျတော့ စတုမဟာရာဇ် တာဝတိံသာနတ်တို့ရွာမှာရှိတဲ့ အသက်တမ်းပြည့် နေပြီးတော့၊
   အသက်တမ်းကုန်မှ စုတေတာကို အာယုက္ခယ မရဏ-တဲ့။
၂။ ပုညက္ခယ မရဏ-ဆိုတာ နတ်တို့ရဲ့ သက်တမ်းကပင် ရှိသော်လည်းပဲ အဲဒီနတ်ပြည် ပဋိသန္ဓေကျိုးပေးလိုက်တဲ့
    ကောင်းမှုကုသိုလ်ကံ အဟုန် ကုန်လို့ နတ်တို့ရဲ့ သက်တမ်း မပြည့်မီ ကြားကာလမှာ နတ်သက်ကြွေ စုတေတာမျိုးကျတော့ ပုညက္ခယ မရဏ-လို့ ခေါ်တယ်။