Thursday, July 28, 2011

ကျန်းမာ ပျော်ရွှင် စွမ်းဆောင်ရည်မြင့်မား အောင်မြင်လိုသော အမျိုးသားများအတွက်


ကျွန်တော် ပထမနှစ် ဆေးကျောင်းသား ဘ၀လောက် ကတည်းက စပြီး အခုအချိန်အထိ အသိမိတ်ဆွေ ယောက်ျားလေး သူငယ်ချင်းတွေ အားကိုးတကြီး ခဏခဏ လာလာမေးနေကြတဲ့ ကျန်းမာရေး ပြဿနာ ဆိုင်ရာ မေးခွန်းအချို့ ရှိပါတယ်။ မေးကြတဲ့ အမျိုးသားတွေ အားလုံးက အရွယ်မျိုးစုံတွေ ဖြစ်ကြပေမယ့် မေးခွန်းက တစ်ခုတည်းလို့ ဆိုနိုင်ပါတယ်။ မေးခွန်းက ဘာလဲ ဆိုတော့ သူတို့ဟာ နာမကျန်းဖြစ်မှု တစ်စုံတစ်ရာ မရှိဘဲနဲ့ လိင်ကိစ္စမှာ စိတ်ပါဝင်စားမှု အလိုလို ကျဆင်းနေကြရတာ ဘာဖြစ်လို့လဲ၊ (မရိုသေစကား ပြန်ပြောပြရရင်) အတူတူနေချိန် မှာလည်း အမျိုးသား သဘာဝ တောင့်တင်းမှု လျော့နည်းနေရတာ ဘာဖြစ်လို့လဲ ဆိုတဲ့ မေးခွန်းပါပဲ။

ဒီလို လာဆွေးနွေးကြသူတွေ ထဲမှာ အိမ်ထောင်သည်တွေ ပါသလို အိမ်ထောင်မရှိသူတွေလည်း ပါပါတယ်။ သူတို့ဟာ ထွေထွေထူးထူး မြင်သာထင်သာတဲ့ ဘာရောဂါမှ ခံစားနေကြရတာ မဟုတ်ကြသလို အိမ်ထောင်ဖက်နဲ့လည်း ပြဿနာ မရှိကြပါဘူး။ အလုပ်အကိုင် အားဖြင့်လည်း သိပ်ပင်ပန်း ကြမ်းတမ်းတဲ့ အလုပ်အကိုင် မဟုတ်ကြပါဘူး။ ကျွန်တော်ကလည်း မတောက်တခေါက် ဆေးပညာအမြင်လေးနဲ့ မျိုးစုံ စစ်ကြောမေးမြန်း ကြည့်ပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက ကျွန်တော့်ရဲ့ ဆေးကျောင်းသားဘ၀ မဖြစ်စလောက် ဆေးပညာ အသိလေးနဲ့ အကြောင်းအရင်းကို တိတိကျကျကို ရှာဖွေ မတွေ့ခဲ့ပါဘူး။


ဒုတိယနှစ်ကနေ စပြီး တစစနဲ့ သိလာရတာက ဒါဟာ တက်စတို စတီရုန်း (Testosterone) ခေါ် ကျားဟော်မုန်း အားနည်းချင်း ဆိုင်ရာ ပြဿနာ တစ်ခု ဖြစ်ဖို့ သေချာသလောက် ဖြစ်တယ် ဆိုတာပါပဲ။ ကျွန်တော်ဒီလို ပြောလို့ အထက်ပါ ဝေဒနာမျိုးတွေ ခံစားနေရခြင်းဟာ ကျားဟော်မုန်း အားနည်းတာကြောင့်ပဲလို့ လှေနံဓားထစ် အသေမှတ်သားပြီး အယူမလွဲစေချင်ပါဘူး။ ပန်းသေပန်းညှိုး၊ ဆန္ဒနည်း ဖြစ်စေတဲ့ အကြောင်းရင်းတွေက အမျိုးစုံ ရှိလို့ပါပဲ။


နောက်ပြီး တစ်ဆက်တည်း ရှင်းပြချင်တာက ဒီဆောင်းပါးမှာ တက်စတို စတီရုန်း ရေရှည် အားနည်းရင် ခံစားရတတ်တဲ့ လက္ခဏာတွေကို ကျွန်တော် ဆက်ရေးသွားပါမယ်။ ဒါတွေဟာ သိသာထင်ရှား ကွဲပြားမှု မရှိတဲ့၊ ယေဘုယျသဘော ဆောင်တဲ့၊ ရောဂါအတော်များများမှာ ခံစားရတတ်တဲ့ လက္ခဏာ (Vague Symptoms) တွေ ဖြစ်နေတော့ ဒီရောဂါ လက္ခဏာတွေနဲ့ ခပ်ဆင်ဆင် တူနေရုံနဲ့ ငါတော့ ဟော်မုန်းအားနည်းနေတာပဲလို့ စွဲထင်မှတ်ယူ သွားတာမျိုး မဖြစ်သင့်ဘဲ ဆရာဝန်နဲ့ပဲ တိုင်ပင်ပြသပါ။ ဒီဆောင်းပါးတင်မက ဘယ်ကျန်းမာရေး ဆောင်းပါးပါ အချက်တွေကို မဆို ကျန်းမာရေးဆိုင်ရာ ဗဟုသုတတွေ အနေနဲ့ပဲ ဖတ်မှတ်သင့်ပြီး တကယ့်တကယ် ဝေဒနာတစ်ခု ပေါ်လာပြီ ဆိုရင် ဆရာဝန်မဟုတ်တဲ့ ဘယ်သူနဲ့မျှ ကုသတာမျိုး၊ နည်းနည်းပါးပါး သိမှတ်ထားတာလေးနဲ့ ဆေးတွေ ကိုယ့်သဘောနဲ့ကိုယ် သောက်တာမျိုး မလုပ်သင့်ပါဘူး။ လုပ်ရင် အာဘော်ကုတွေသာ ဖြစ်ကုန်ပြီး ပညာကု မဖြစ်ဘဲ နေကုန်မယ်လို့ အကြံပြု ပါရစေ။

တက်စတိုစတီရုန်းဆိုတာ ဘာလဲ
အမျိုးသားတွေရဲ့ သက်စောင့်ဟော်မုန်းတွေ ထဲက တစ်ခု ဖြစ်တဲ့ တက်စတိုစတီရုန်း (Testosterone) ဆိုတာ အားလုံးကြားဖူး ကြမှာပါ။(နောက်တစ်ခုကတော့ အဲန်ဒရိုဂျင် (Androgen) ဆိုတာ ဖြစ်ပါတယ်) ဟော်မုန်းလို့ ပြောလိုက်တာနဲ့ လူအများက ဘာကိုပဲ ပြေးစဉ်းစားမိသလဲဆိုတော့ လိင်ကိစ္စမှာ အသုံးဝင်မှုကိုပဲ တွေးမိကြပါတယ်။ ဟော်မုန်းဆေးလို့ ပြောရင်ပဲ ဟိုဆေးလိုလို ဒီဆေးလိုလို ထင်တတ်ကြပါတယ်။

တကယ်တမ်းကတော့ လူ့ခန္ဓာကိုယ်မှာ ဟော်မုန်းများ များပြားစွာ ရှိနေပြီး အဲဒီဟော်မုန်း တစ်ခုချင်းစီမှာ များပြားလှတဲ့ အသက်ရှင်သန် ပုံမှန်ဖြစ်ရေး လုပ်ငန်းတာဝန်တွေ ရှိနေပါတယ်။အဲဒီတာဝန်တွေဆိုတာ ကလည်း ခန္ဓာကိုယ်က ဆဲလ်တွေရဲ့ အသက်ရှင် ရပ်တည်ရေး ဓာတုဓာတ်ပြုမှုတွေ ၊ ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုနဲ့တစ်ခု အချက်ပေး ညှိနှိုင်း ဆောင်ရွက်မှုတွေ အတွက် အထောက်အပံ့ ပစ္စည်းတွေအနေနဲ့၊ အချက်ပြပစ္စည်းတွေ အနေနဲ့ အသက်ရှင်ရေး လုပ်ငန်းစဉ် (Vital Activities) များကို ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။

ဒါကြောင့် အရွယ်ရောက်ပြီး ယောက်ျားတစ်ယောက်မှာ ပုံမှန် ကာယ ဥာဏ စွမ်းရည်တွေ ထက်မြက်နေစေဖို့၊ အာရုံစူးစိုက်နိုင်စွမ်း ဖန်တီးတီထွင်နိုင်စွမ်း တွေကောင်းမွန်နေစေဖို့၊ အကောင်းမြင်စိတ် ကြိုးစားတည်ဆောက်လိုစိတ် အောင်မြင်မှု ပန်းတိုင်ဆီ သွားချင်တဲ့စိတ်ဓာတ်အင်အားတွေ ပုံမှန်တက်ကြွနေစေဖို့၊ လူမှုရေးမှာ အပြုသဘောဆောင်ပြီး အောင်မြင်နိုင်ဖို့၊ မျိုးဆက်ပွားကိစ္စမှာ ကျန်းမာရွှင်လန်းပြီး စိတ်သွားတိုင်း ကိုယ်ပါနေစေဖို့၊ အရေးကြီးဆုံးက အသက်ရှည်ရှည် နေရဖို့တွေ အတွက် တက်စတိုစတီရုန်း မရှိမဖြစ် လိုအပ်လှပါတယ်။

တက်စတိုစတီရုန်း လျော့နည်းလာရင် ဘာတွေ ဖြစ်လာမလဲ
ပုံမှန် အားဖြင့် အမျိုးသား တစ်ယောက်ရဲ့ သွေးထဲမှာ တက်စတိုစတီရုန်း ပမာဏ 350 - 1000 ng/dl လောက် ရှိနေဖို့ လိုအပ် ပါတယ်။ ဒီပမာဏအောက် နည်းနေတာ ကြာလာခဲ့ရင် လိင်မှုကိစ္စမှာ စွမ်းဆောင်ရည် ကျဆင်းလာရုံမျှမက စိတ်ဓာတ်ပိုင်းဆိုင်ရာ ဆိုးဝါးစွာ ထိခိုက်စေမှာဖြစ်ပါတယ်။ အသက်ရှည်ကျန်းမာရေးနဲ့ ဆိုင်တဲ့ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းတာဝန်တွေ မှာလည်း သွားထိခိုက်လို့ ကျန်းမာရေးလည်း အဖက်ဖက်ကနေ ကျဆင်းလာမှာ ဖြစ်ပါတယ်။

စိတ်ပိုင်းဆိုင်ရာအနေနဲ့ ဆိုရင် ဘာကြောင့်မှန်း မသိဘဲ ဒေါသထွက်နေခြင်း၊ အားငယ်နေခြင်း၊ ကြိုးစားအားထုတ်လိုစိတ် လူတွေကြားထဲ ပြောဆိုဆက်ဆံလိုစိတ် လျော့ပါးနေခြင်း စတဲ့ အထက်မှာ ပြောခဲ့တဲ့ ကောင်းကျိုးတွေရဲ့ ဆန့်ကျင်ဘက် ဆိုးကျိုးတွေကို ရရှိမှာဖြစ်ပါတယ်။

ဒီလိုတွေခံစားနေရရင်လည်း ကျွန်တော်တို့ဟာ တက်စတိုစတီရုန်း နည်းနေလို့ ဆိုတာ နှစ်ရှည်လများ သတိထားမိမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ဒီလို ကျန်းမာရေးဗဟုသုတမျိုးက တော်ရုံနဲ့ မသိနိုင်တာရယ်၊ လက္ခဏာတွေက အရမ်းသိမ်မွေ့လွန်းပြီး မသိသာလွန်းလို့ ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသားများ အနေနဲ့ အောက်ဖော်ပြပါ လက္ခဏာများ ကာလကြာရှည် မိမိမှာ ခံစားနေရလားဆိုတာ ဆန်းစစ်ကြည့်ပါ။


• အိမ်ထောင်ဖက်နှင့် တူတူ နေလိုစိတ် (သို့) လိင်မှုကိစ္စတွင် စိတ်ပါဝင်စားမှု ပုံမှန်အောက် သိသာစွာ လျော့နည်း ကျဆင်းလာခြင်း
• ပန်းသေပန်းညှိုး ဝေဒနာများ မကြာခဏ ခံစားရတတ်ခြင်း၊ တောင့်တင်းမှု ရသော်လည်း ကျေနပ်လောက်သော (သို့) ပုံမှန် အနေအထား မရခြင်း
• ဆံပင်အကျွတ်များလာခြင်း
• ကြွက်သားများ၏ ကြံ့ခိုင်သန်စွမ်းမှုနှင့် ထုထည် လျော့နည်းကျဆင်းလာခြင်း
• ရေတို အနေအထားတွင် အရိုးကျစ်လျစ်သိပ်သည်းမှု (Bone Density) စစ်ဆေးကြည့်ပါက အရိုးပွနေသည်ဟု အဖြေရတတ်ပြီး ရေရှည်တွင် အရိုးကျိုးလွယ်တတ်သော အန္တရာယ် ရှိခြင်း
• ကိုယ်အလေးချိန် တိုးနှုန်း မြန်လာခြင်း (သို့) သိသာထူးကဲစွာ အ၀လွန် လာခြင်း
• အမျိုးသမီးများ ကဲ့သို့ ရင်သားများ တောင့်တင်းကြီးမားလာခြင်း
• လုပ်ငန်းဆောင်တာ နေ့စဉ်ဘ၀များ၌ စိတ်ပါ တက်ကြွစွာ ဆောင်ရွက်လိုစိတ် လျော့နည်းကျဆင်း လာခြင်း
• သိသာစွာ မေ့တတ်လာခြင်း
• အာရုံစူးစိုက်နိုင်မှု အားနည်းလာခြင်း
• ကာလကြာရှည် အလိုလိုနေရင်း စိတ်အားငယ် စိတ်ဓာတ်ကျနေတတ်ခြင်း
• ကိုယ့်ကိုယ်ကိုယ်ပင် အံ့သြရလောက်အောင် ထိလွယ် ရှလွယ် စိတ်ဆတ်လာခြင်း
• လက်ရှိ ဘ၀အနေအထား အပေါ် ကျေနပ် နှစ်သိမ့် အားရမှု ရှုထောင့်မှ မတွေးမိတော့ဘဲ ဆန့်ကျင်ဘက် အတွေးများ လွှမ်းမိုးအားကောင်း လာခြင်း


ဒါတွေက ဆေးပညာရှင်တွေ စာရင်းပြုစု ထားတဲ့ တက်စတိုစတီရုန်း ကျဆင်းလာခြင်းရဲ့ ရေရှည်/ရေတို လက္ခဏာမျိုးစုံ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလို ရောဂါတွေရဲ့ နောက်ခံ အကြောင်းအရာ ဆန်းကြယ်သလို အစဦးပိုင်း လက္ခဏာတွေကလည်း အမျိုးသား တစ်ယောက်နဲ့ တစ်ယောက် တစ်ထပ်တည်း တူချင်မှ တူကြမှာပါ။

ကျွန်တော့်ရဲ့ ဆေးပညာ အတွေ့အကြုံအရရယ်၊ သင်ကြားမှတ်သားဖူးတာရယ် အရ ပြောရရင် အသက်အရွယ်လေး အနည်းငယ် ရလာတဲ့ အမျိုးသားတွေမှာ (အရမ်းစောရင် အသက် ၂၂ နှစ်ကျော် ကတည်းက စတတ်ပါတယ်) ၀မ်းဗိုက်အဆီ ထူလာခြင်း ဗိုက်ရွှဲလာခြင်းနဲ့ စလာတတ်ပါတယ်။ အထိုင်များလို့၊ အစားများလို့၊ ကိုယ်လက်လှုပ်ရှားမှု မလုပ်လို့ စတဲ့ အကြောင်းရင်းတွေကြောင့်လည်း ဖြစ်နိုင်ပေမယ့် အဲဒီအကြောင်းတွေကြောင့် ဗိုက်ရွှဲတာက မှန်မှန် လေ့ကျင့်ခန်း ပြန်လုပ်ရင် နဂိုအတိုင်း ဗိုက်ပြန်ချပ်နိုင်ပေမယ့် တက်စတိုစတီရုန်း ကျဆင်းလာသူတွေ ကျတော့ အဲလို ပြန်ချပ်ဖို့ မလွယ်တတ်တာ တစ်ခု တွေ့ရပါတယ်။

ဘာဖြစ်လို့လဲ ဆိုတော့ တက်စတိုစတီရုန်း ပမာဏ ကျဆင်းလာချိန်မှာ ပုံမှန်ဆိုရင် အမျိုးသားတွေ ကိုယ်ထဲမှာ အနည်းငယ်သော ပမာဏပဲ ရှိရတဲ့ မဟော်မုန်း အီစထရိုဂျင် (Oesterogen) ဟာ ထကြွများပြား လာပြန်တာမို့ အီစထရိုဂျင်ရဲ့ သက်ရောက်မှုနဲ့ အမျိုးသားတွေ ၀မ်းဗိုက်နဲ့ ရင်သားမှာ အဆီတွေ စုမိလာတတ်ကြတာဟာ လက္ခဏာ တစ်ရပ်ပါပဲ။

နောက်ပြီး မနက်ခင်း အိပ်ရာက နိုးလာရင် အမျိုးသားအင်္ဂါ တောင့်တင်းမှု အလိုအလျောက် ဖြစ်ခြင်း (Morning Erection) ဆိုတာ အာရုံကြော စနစ်ဆိုင်ရာ သဘာဝ ဖြစ်စဉ် တစ်ခုပဲ ဖြစ်ပါတယ်။ နေ့တိုင်းနေ့တိုင်း ဖြစ်စရာ မလိုပေမယ့် တစ်ပတ်မှာ အနည်းဆုံး နှစ်မနက်လောက်မှ မဖြစ်ရင်တော့ သတိပြုရမယ့် အစဦးလက္ခဏာ တစ်ခုလို့ ဆိုနိုင်ပါတယ်။
တက်စတို စတီရုန်း ပမာဏ လျော့နည်း ကျဆင်းသွားရင် ရေရှည်မှာ သွေးချို၊ ဆီးချိုနဲ့ နှလုံးသွေးကြောပိတ် ရောဂါများ ဖြစ်လာတတ်ပါတယ်။

တက်စတိုစတီရုန်း ကျဆင်းစေတဲ့ အကြောင်းရင်း တွေက ဘာတွေလဲ
စာဖတ်ပရိသတ်တွေ အတွက် အသုံးမတည့်လို့ ဆေးပညာဆန်ဆန် ခွဲခြား ရေးသားထားတာတွေကို မဖော်ပြတော့ဘဲ လိုအပ်တာလေးတွေပဲ ဖော်ပြပါ့မယ်။

ဦးနှောက်တွင်းမှာ ရှိတဲ့ ဟိုက်ပိုသဲလမတ် (Hypothalamus) ပီကျူထရီ ဂလင်းအကျိတ် (Pituitary Gland) ကနေ LH နဲ့ FSH လို့ခေါ်တဲ့ ဟော်မုန်းတွေ ထုတ်ပြီး လှုံ့ဆော်မှ အမျိုးသားတွေမှာ ဝှေးစေ့ (အမျိုးသမီးတွေမှာ သားဥအိမ်) တွေက တက်စတို စတီရုန်းကို ထုတ်ပေးတာမို့ အထက်ပါ ဦးနှောက်နေရာများနဲ့ သက်ဆိုင်ရာ ဟော်မုန်းများမှာ ချို့ယွင်းချက် တစ်ခုခု ရှိနေမယ်ဆိုရင် သွေးတွင်း တက်စတိုစတီရုန်း ပမာဏ ကျဆင်းလာမှာ ဖြစ်ပါတယ်။

အသက်အရွယ် ကြီးလာရင်လဲ ဖြစ်တတ်တဲ့ အကြောင်းအရင်းပါပဲ။ ဒါပေမဲ့ ဒါက အမျိုးသား အများစုမှာတော့ အရမ်းကြီး မဆိုးဝါးတတ်ပါဘူး။ အကြမ်းဖျဉ်းအားဖြင့် တက်စတိုစတီရုန်း ပမာဏဟာ အမျိုးသားတွေ အသက် ၃၀ ကျော်တာနဲ့ တစ်နှစ်ကို ၃% လောက်စီ စကျလာတယ်လို့တော့ မှတ်သားနိုင်ပါတယ်။ အထူးသဖြင့် အစားအသောက် အာဟာရ အနေအထိုင် အလုပ်အကိုင်တွေက တက်စတိုစတီရုန်း ထွက်ရှိခြင်းကို အားပေးတဲ့ အနေအထား မရှိဘူး ဆိုရင် နှစ်စဉ် လျော့နည်း ကျဆင်းလာမှုက ပိုသိသာတယ်လို့ ကျန်းမာရေး ပညာရှင်များ ဆိုကြပါတယ်။

မွေးရာပါ ဝှေးစေ့ တစ်လုံးပဲ ပါသူတွေ (အရပ်အခေါ် နတ်ကွပ်) တွေမှာ လုံလောက်တဲ့ တက်စတိုစတီရုန်း ပမာဏ မရတတ်လို့ အရွယ်ငယ်ငယ်ကတည်းက တက်စတိုစတီရုန်း ကျဆင်းခြင်းရဲ့ လက္ခဏာတွေ တခြားသူတွေထက် စောစွာ ခံစားရစေတတ်ပါတယ်။
ကပ္ပာယ်အိတ် နေရာကို ထိခိုက်ဒဏ်ရာ ရဖူးပြီး ဝှေးစေ့နှစ်ဖက်စလုံး ထိဖူးရင်တော့ ခံစားရနိုင်ပါတယ်။ ကင်ဆာရောဂါ တစ်ခုခု ရှိလို့ ဓာတ်ကင်နေရသူတွေ၊ ခီမိုခေါ် ကင်ဆာဆေး သွင်းနေရသူတွေလည်း ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ဒီလို လူမျိုးတွေကျတော့ စိတ်ဓာတ်ပိုင်းအရရရော ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုး စတာတွေကြောင့်ရော ပုံမှန်အတိုင်း လန်းဆန်းတက်ကြွ နေကောင်းမှု မရှိတာကြောင့် တက်စတိုစတီရုန်း ကျနေတာကို ထူးပြီး သတိမထားမိတတ်ကြဘူးပေါ့လေ။

ငယ်စဉ်ကာလမှာ မော်နာခေါ် ပါးချိပ်ရောင်ယမ်းခြင်း ရောဂါ ဖြစ်ခဲ့ဖူးတဲ့ ကောင်လေးတွေ ကြီးလာရင် တက်စတို စတီရုန်း အားနည်းတဲ့ ရောဂါ ရတတ်ပါတယ်။ အကြောင်းရင်းကတော့ ပါးချိတ်ရောင်စေတဲ့ ဗိုင်းရပ်စ်ဟာ ဝှေးစေ့ရဲ့ ဆဲလ်တွေကိုပါ ရောင်ယမ်းစေပြီး ရာသက်ပန် အနာတရ ချို့ယွင်းမှု တစ်ခု ဖြစ်သွားစေလို့ပါပဲ။ အရမ်းဆိုးရင် သားသမီး မရတဲ့ အထိတောင် ဖြစ်တတ်တယ်လို့ ပညာရှင်များက ဆိုပါတယ်။ ယနေ့ခေတ်မှာတော့ MMR ခေါ် ကာကွယ်ဆေးကြောင့် ဒီရောဂါဟာ အတော်လေးကို ပပျောက်နေပြီ ဖြစ်ပါတယ်။
တက်စတို စတီရုန်း ချို့တဲ့မှုကို ဖြစ်စေတဲ့ အခြား ရောဂါတွေကတော့ တီဘီ၊ Sarcoidosis ၊ ဦးနှောက်ဆိုင်ရာ အကျိတ်ရောဂါများ၊ AIDS ၊ အ၀လွန်ခြင်း စတာတွေ ဖြစ်ပါတယ်။ အ၀လွန်ရင် ကိုယ်မှာ အဆီတစ်သျှူး အစုအဝေးတွေ များတဲ့ အတွက် အမျိုးသားဟော်မုန်း တက်စတို စတီရုန်းကို မဟော်မုန်း အီစထရိုဂျင် အဖြစ် ပြောင်းလဲနှုန်း မြင့်မားလာတာကြောင့် ဖြစ်ပြီး ကျန်တဲ့ ရောဂါများကတော့ ဟိုက်ပိုသဲလမတ်နဲ့ ပီကျူထရီဂလင်းကို ရောင်ယမ်းစေလို့ပဲ ဖြစ်ပါတယ်။

နောက်ပြီး ခန္ဓာကိုယ် ထွားကျိုင်းဖွံ့ဖြိုးလာအောင် Anabolic Steroid တွေ သောက်နေသူတွေနဲ့ အာဟာရ အမျိုးအစား စုံလင်အောင် မစားသူတွေ (အထူးသဖြင့် တက်စတိုစတီရုန်းကို အားပေးတဲ့ အောက်မှာ ဖော်ပြထားတဲ့ အစားအသောက်တွေ မစားဖြစ်သူတွေ) ဟာလည်း ဒီကိစ္စအတွက် အန္တရာယ် ရှိပါတယ်။

ဒီလိုဖြစ်ရင် ရေရှည် အန္တရာယ်က ဘာလဲ
အမျိုးသားများဟာ သူတို့ရဲ့ သက်စောင့်ဟော်မုန်း ပမာဏ ငယ်ငယ်ကတည်းက စပြီး ကျဆင်းလျော့နည်းနေခဲ့ရင် အမျိုးသားသွေးဆုံးခြင်း (Andropause ခေါ် Male Menopause) အဖြစ်စောစေနိုင်တယ်လို့ တွေ့ရှိရပါတယ်။ (ကြားဖြတ်ပြောချင်တာက ဒီ အမျိုးသားသွေးဆုံးခြင်း ဆိုတဲ့ ဝေါဟာရကို နာမည်ကျော် ကျန်းမာရေး စာရေးသူ ဆရာဝန်ကြီး တစ်ဦးက မိန်းမတွေနဲ့ သွားတူနေတဲ့ အသုံးအနှုန်းမလို့ သူက မကြိုက်ဘူးလို့ ရေးဖူးပါတယ်။ ဒါပေမယ့် သွေးဆိုတာ အမျိုးသမီးတွေ ရာသီသွေး လာခြင်းကို ဆိုလိုတဲ့ မြန်မာစကားမဟုတ်ဘဲ သွေးသားသဘာဝကို ဆိုလိုတယ်လို့ ကျွန်တော်က ခံယူလို့ ဒီအတိုင်းပဲ ဆက်သုံးပါရစေ)

ဒါ့အပြင် နောက်ထပ် ဆိုးတဲ့ အချက်တစ်ခုက တက်စတိုစတီရုန်း ကျဆင်းလာရင် ဖြစ်တတ်တဲ့ အောက်ပါ ရောဂါကြီးတွေ ကြောင့်ပါပဲ။
(၁) နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါ အမျိုးမျိုး
(၂) သွေးတိုးရောဂါ
(၃) ဆီးချိုရောဂါ
(၄) အရိုးပွရောဂါ
(၅) သက်ကြီးသတိမေ့ရောဂါများနဲ့ အယ်လ်ဇိုင်းမား ရောဂါ (ဦးနှောက် ကျုံ့ပြီး ပျက်စီးသွားကာ မှတ်ဥာဏ်တွေ ပျက်စီးကုန်တဲ့ ရောဂါတစ်မျိုးပါ)
(၆) အရွယ်မတိုင်ခင် သေဆုံးတတ်ခြင်း (သို့) အသက်တိုခြင်း စတာတွေမို့ အမျိုးသားများ အထူးသတိထားသင့်တဲ့ အချက်များ ဖြစ်ပါတယ်။

ဒါ့အပြင် ပစ္စုပ္ပန်မှာ အပြုသဘော ဆောင်တဲ့ စိတ်အနေအထား အင်အားတွေ၊ လုပ်ငန်းစွမ်းဆောင်ရည်တွေ၊ ဖန်တီးနိုင်စွမ်း၊ အာရုံစူးစိုက်နိုင်စွမ်းတွေ ကျဆင်းခြင်း ဆိုတဲ့ အချက်ကလည်း ရေရှည်မှာ အထက်ပါ ရောဂါတွေ ဖြစ်လာနိုင်တယ် ဆိုတဲ့ အချက်တွေနဲ့ တန်းတူ အရေးပါတယ် ပြောရင် စာဖတ်သူ သဘောတူမယ် ထင်ပါတယ်။

တက်စတို စတီရုန်း ကျဆင်းခြင်းရဲ့ ရောဂါ လက္ခဏာတွေ ခံစားနေရပြီဆိုရင် ဘာလုပ်ကြမလဲ
အထက်မှာ ဖော်ပြခဲ့တာတွေ အကုန်လုံးနီးပါး တူညီစွာခံစားနေရပြီ ဆိုတာနဲ့ ပြည်ပကနေ (တရားဝင်လား မ၀င်လား မသေချာတဲ့) တက်စတိုစတီရုန်း အားဖြည့်ဆေးတွေ ပြေးဝယ်ပြီး ကိုယ့်သဘောနဲ့ကိုယ် သောက်ဖို့ မကြိုးစားစေချင်ပါဘူး။ နားလည်တတ်ကျွမ်းသူ ဆရာဝန် (အထူးသဖြင့် အဲန်ဒိုခရိုင်းဆိုင်ရာ အထူးကု သို့မဟုတ် သမားတော်ကို ဆိုလိုသည်) နဲ့ ပြပြီးလိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်စေချင်ပါတယ်။ ဘာလို့လဲ ဆိုတော့ အဲလို ဆေးတွေထဲမှာပါတဲ့ တက်စတိုစတီရုန်း ဟော်မုန်းတွေဟာ သဘာဝ တက်စတိုစတီရုန်းနဲ့ မော်လီကျူး တည်ဆောက်ပုံ နဲ့ အာနိသင် တူအောင် လုပ်ထားတာက လွဲရင် ဘေးထွက်ဆိုးကျိုးတွေ ရှိလို့ပါ။ တက်စတို စတီရုန်း အားဖြည့်ဆေးတွေ စွဲသောက်ရင် ဆီးကျိတ်ကင်ဆာ ဖြစ်စေတတ်တယ်လို့ ဆေးဝါးဗေဒဆိုင်ရာ လေ့လာမှု အချို့အရ တွေ့ရှိ အတည်ပြု နိုင်ခဲ့ပါတယ်။

ဒါဆိုရင် ဒီအတိုင်း ခံစားနေရတော့ မှာလားလို့ မေးစရာ ရှိပါတယ်။ ဆေးတွေ မသောက်ဘဲ သဘာဝနည်းကျကျ တက်စတိုစတီရုန်း ပမာဏကို မြှင့်တင်နိုင်တဲ့ နည်းလမ်းများကို စုစည်း တင်ပြပေးလိုပါတယ်။ ဒီလို သဘာဝ ကျကျ စားသောက်နေထိုင်မယ် ဆိုရင် တက်စတိုစတီရုန်းဟော်မုန်း ပမာဏ မြင့်တက်လာစေပေမယ့် ဆေးတွေလိုတော့ ပိုလျှံလာစေခြင်း မဖြစ်စေနိုင်တာကြောင့် ဘေးထွက်ဆိုးကျိုးတွေ မဖြစ်စေနိုင်ပါဘူး။ အရွယ်ရောက်ပြီး အမျိုးသားတိုင်း အတွက် တက်စတိုစတီရုန်းဟာ ကိုယ်ထဲမှာ ပြည့်ပြည့်၀၀ ရှိနေမယ်ဆို အစစအရာရာ ကောင်းကျိုးတွေက များလှတာကြောင့် PEOPLE ပရိသတ်များအတွက် တက်စတိုစတီရုန်း ပြည့်ဝအောင် စားသောက်နေထိုင် နည်းများကို ဖော်ပြပေးလိုက်ပါတယ်။

တက်စတိုစတီရုန်း ပုံမှန်အတိုင်း ပြည့်ဝနေစေရန် လုပ်ဆောင်နိုင်သော သဘာဝနည်းလမ်းများ



(၁) ဇင့် (Zinc) ခေါ် သွပ်ဓာတ် ပါဝင်သော အစားအသောက်များ မှန်မှန် စားပေးပါ
တက်စတိုစတီရုန်းကို ခန္ဓာကိုယ်ထဲမှာ ပုံမှန် အတိုင်းအတာ ရှိနေအောင် ထုတ်လုပ်ပြီး ထိန်းသိမ်းထားနိုင်ဖို့ ဇင့်လိုပါတယ်။ ဇင့်ချို့တဲ့မှုဟာလည်း ထူးထူးခြားခြား သိသာတဲ့ လက္ခဏာတွေ တော်ရုံနဲ့ မပြတဲ့အတွက် ကျွန်တော်တို့ မသိနိုင်ဘဲ ချို့တဲ့နေတတ်ပါတယ်။ ဒီက နေ့စဉ် အစားအသောက်ပုံစံ နဲ့ ကတော့ ဇင့်ချို့တဲ့မှု ဖြစ်ဖို့ လူတိုင်း တော်တော်လေး နီးစပ်ပါတယ်။
နောက်တစ်ချက်က ကိုယ်ထဲမှာ ရှိတဲ့ Aromatase လို့ ခေါ်တဲ့ အဲန်ဇိုင်း (Enzyme) တစ်မျိုးက ရှိပြီးသား တက်စတိုစတီရုန်းတွေကို မိန်းမဟော်မုန်း အီစထရိုဂျင်တွေအဖြစ် ပြောင်းပစ်ပါတယ်။ ဒါကို ဇင့်တစ်မျိုးထဲကသာ ဟန့်တားနိုင်လို့ ကိုယ်ထဲမှာ ဇင့် ချို့တဲ့နေမယ်ဆိုရင် အသက်ကြီးရင် အီစထရိုဂျင်ကြောင့် ဖြစ်တဲ့ ကင်ဆာတွေတောင် ဖြစ်လာနိုင်ပါတယ်။ ဇင့် ကြွယ်ဝတဲ့ စားစရာတွေကတော့ အမဲသား၊ အသည်း အမျိုးမျိုး၊ ဂဏန်း၊ ပင်လယ်စာ၊ ဆယ်လ်မွန်ငါး၊ ဆန်လုံးညို၊ ချိစ်၊ ပဲကြီး၊ နို့၊ ဒိန်ချဉ်၊ ဂျုံ၊ သလဲသီး၊ နာနတ်သီး၊ အခွံမာသီးအဆန်များ၊ နေကြာစေ့ ၊ဖရုံသီးစေ့(အ၀ါ၊အနက်) စတာတွေ ဖြစ်ပါတယ်။ ဆန္ဒရှိရင် ဇင့်ပါဝင်တဲ့ အားဆေးတွေလည်း မှီဝဲနိုင်ပါတယ်။ အစားအသောက် နည်းနဲ့ ဖြည့်တင်းတာကတော့ အန္တရာယ် အကင်းဆုံး အကောင်းဆုံး နည်းလမ်းပါပဲ။



(၂) ကျန်းမာရေး အထောက်အကူပြု အဆီများ စားပေးပါ
တက်စတို စတီရုန်းအပါအ၀င် ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ ဟော်မုန်း အချို့နဲ့ ဒြပ်ပေါင်း အတော်များများဟာ ကိုယ်ထဲမှာ အဆီတွေကနေ တစ်ဆင့် ပြောင်းလဲထုတ်လုပ်ရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအဆီလို့ ပြောတဲ့ အဆီတွေဟာ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အထောက်အကူ ပြုတဲ့ အိုမီဂါသရီး (Omega-3) လိုမျိုး မပြည့်ဝဆီတွေ ဖြစ်နေဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ မပြည့်ဝဆီ ကြွယ်ဝတဲ့ စားစရာတွေ ကတော့ အခွံမာသီး အဆန်များ၊ ငါးများ (ရေချိုငါးများလည်း ကောင်းမွန်သော်လည်း အကောင်းဆုံးမှာ ကျူနာငါး၊ ဆယ်လ်မွန်ငါး တို့ကဲ့သို့ ပင်လယ်ငါးများ ကတော့ အကောင်းဆုံးလို့ ဆိုနိုင်ပါတယ်။ ဒါတွေကို ပုံမှန်စားဖို့ မလွယ်ပေမယ့် Omega-3 ခေါ် ငါးကြီးဆီ အားဖြည့်ဆေးများကိုလည်း အားကိုးနိုင်ပါတယ်)၊ ထောပတ်သီး၊ သံလွင်ဆီ၊ ဟင်းသီးဟင်းရွက်ဆီ၊ မြေပဲအနှစ် (Peanut Butter) စတာတွေ ဖြစ်ပါတယ်။ စားအုန်းဆီနဲ့ တိရိစ္ဆာန်အဆီ (၀က်၊ အမဲ၊ ဆိတ်) စတာတွေက ပြည့်ဝဆီတွေ ဖြစ်လို့ လျော့စားစေလိုပါတယ်။ တက်စတိုစတီရုန်း ပြည့်ဝစေဖို့ အဆီလုံးဝ ရှောင်တာမျိုး မလုပ်သင့်ပေမယ့် ပြည့်ဝဆီတွေ စားရင် သွေးကြောဆိုင်ရာ ရောဂါအမျိုးမျိုး ၀င်လာစေနိုင်တာမို့ ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။


(၃) ခန္ဓာကိုယ်ပေါ်က အဆီပိုတွေကို ချပါ
ခန္ဓာကိုယ်မှာ အဆီပိုတွေ များလာတာနဲ့ အမျှ ယောက်ျားဆန်တဲ့ ဟော်မုန်း တက်စတိုစတီရုန်းကို မိန်းမဆန်တဲ့ ဟော်မုန်း အီစထရိုဂျင် အဖြစ် ပြောင်းပစ်မယ့် Aromatase အဲန်ဇိုင်းပမာဏလည်း များလာတယ်ဆိုတာ သိထားပါ။ ဒါကြောင့် အဆီပိုတွေ သိသိသာသာ စုနေတယ် ဆိုရင် ချသင့်ပါတယ်။ ဒီလို ချတဲ့ အခါမှာ ကျန်းမာရေးနဲ့ လျော်ညီတဲ့ နည်းနဲ့ပဲ ချသင့်ပြီး တစ်ပတ်အတွင်း ၃ ပေါင်ထက် ပိုမကျသွားသင့်ဘူးလို့ ကျန်းမာရေး ပညာရှင်များက လမ်းညွှန်ထားကြပါတယ်။

(၄) ကိုယ်ထဲမှာ ပိုလျှံနေတဲ့ အီထရိုဂျင်တွေကို ဖယ်ရှားပါ
ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ မုန်လာဥဖြူ၊ ကိုက်လန် စတဲ့ အသီးအရွက်တွေမှာ Di-indolyl Methane, DIM လို့ခေါ်တဲ့ ဓာတုပစ္စည်းတစ်မျိုး ပါရှိပြီး အမျိုးသားတွေ ကိုယ်ထဲမှာ ရှိသင့်တဲ့ ပမာဏထက် မြင့်မားလာတဲ့ မဟော်မုန်း အီစထရိုဂျင်ကို ဟန့်တား ဖယ်ရှားနိုင်တဲ့ အာနိသင်ရှိပါတယ်။ စပျစ်သီး အညိုရဲ့ အခွံမှာ ပါတဲ့ Resveratrol ဒြပ်ပေါင်းဟာ အမျိုးသားတွေ ကိုယ်တွင်း ပိုလျှံနေတဲ့ အီစထရိုဂျင်တွေကို အသည်းကနေ စွန့်ထုတ်ပစ်ဖို့ အထူး အထောက်အပံ့ ပေးကြောင်း လေ့လာတွေ့ရှိထားပါတယ်။ ဒါတွေကို မိန်းကလေးတွေ စားရင်တော့ ဒီလို မဟော်မုန်း ဆိုးရွားစွာ ထိခိုက်တဲ့ အာနိသင် မတွေ့ရပါဘူးလို့ သိရပါတယ်။

(၅) ပြင်ပမှ ကိုယ်ထဲဝင်လာတတ်သော အီစထရိုဂျင် ဒြပ်ပေါင်းများကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ
ဒီလို ဒြပ်ပေါင်းတွေကို Xenoestrogen လို့ ခေါ်ပြီး ပိုးသတ်ဆေးများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသုံး ကြီးထွားဆေးများ၊ Air Fresher ခေါ် အခန်းတွေထဲမှာ မွှေးနေအောင် ဖျန်းတဲ့ ဆေးများ၊ ပလတ်စတစ် ပန်းကန်ခွက်ယောက်များ ထဲမှာ ပါဝင်ပါတယ်။ ဒါတွေဟာ ယနေ့ခေတ်မှာ ကျွန်တော်တို့ လူသားတွေရဲ့ ကိုယ်ထဲကို နည်းအမျိုးမျိုးနဲ့ ၀င်ရောက်လာကြပြီး ယောက်ျားတွေမှာ အမျိုးသား ဟော်မုန်းတွေကို လျော့နည်းကျဆင်း စေသလို လူတိုင်းမှာလည်း ကင်ဆာရောဂါတွေ ဖြစ်စေပါတယ်။

ဒါဆို ဘယ်လို လုပ်ကြမလဲ။ တတ်နိုင်သမျှ အော်ဂဲနစ် သီးနှံတွေဝယ်စားကြပါ။ ဒါတွေဟာ ဈေးကြီးတယ် ဆိုနိုင်ပေမယ့် သင့်ရဲ့ အသက်ရှည်ရာ အနာမဲ့ကြောင်းကို အထူး အထောက်အကူ ပြုပါတယ်။ ဘယ်အသီးအရွက်ပဲ ဖြစ်ဖြစ် ရေအကြိမ်ကြိမ် ဆေးပြီးမှ စားသုံးပါ။ တတ်နိုင်ရင် ကြီးထွားရေး ဟော်မုန်းတွေ ပေးပြီး ထုတ်လုပ်ထားတဲ့ မွေးမြူရေးထွက် ပစ္စည်းတွေကိုလဲ ရှောင်ကြဉ်သင့်ပါတယ်။

အော်ဂဲနစ်သီးနှံများလို သဘာဝနည်းအတိုင်း မွေးမြူ ထုတ်လုပ်ထားတဲ့ နို့ထွက်ပစ္စည်းနဲ့ အသားငါးများဟာ ပြည်ပနိုင်ငံတွေမှာတော့ ဆူပါမားကတ်တွေမှာ အလွယ်တကူ ၀ယ်ယူနိုင်တဲ့ အထိ တွင်ကျယ်နေပြီ ဖြစ်ပါတယ်။ ဒီက ဆူပါမားကတ်တွေမှာတော့ မေးဝယ်ရင် ရမယ် ထင်ပါတယ်။ ဒီလို စားစရာတွေ အားလုံးကို လူတန်းစားမရွေး စားသုံးနိုင်ဖို့ အစားအသောက် ဆိုင်ရာ စီမံကိန်းတွေ မကြာခင် ပေါ်လာပါစေလို့ မျှော်လင့်ပါတယ်။

အစားအသောက်တွေ ချက်ပြီးစ ပူပူနွေးနွေး အခြေအနေမျိုးမှာ ပလတ်စတစ်နဲ့လုပ်ထားတဲ့ ပန်းကန်ခွက်ယောက် တွေထဲ လုံးဝ မထည့်ပါနဲ့။ ဖန်နဲ့ ကြွေထည်တွေဟာ အကောင်းဆုံးပါပဲ။ အစားအသောက် ပူပူမျိုးစုံကို ကြွပ်ကြွပ်အိတ်တွေထဲ ထည့်ရောင်းကြတဲ့ အလေ့အထ အခုဆို သိသာစွာ လျော့နည်းသွားတာ ၀မ်းသာစရာ တစ်ခုပါပဲ။

ဘယ်လို ရေမွှေး၊ air fresher ၊ အမွှေးနံ့သာပဲ ဖြစ်ဖြစ် ပါဝင်ဖက်ပစ္စည်းစာရင်း Ingredients ထဲမှာ Parabens ဆိုတာ ပါရင် တတ်နိုင်သမျှ ပြောင်းသုံးပါ။ Parabens ဟာ ရေရှည် ထိတွေ့ဖန်များရင် ကင်ဆာရောဂါ အချို့ကို ဖြစ်စေနိုင်ပြီး တက်စတိုစတီရုန်း ပမာဏကို ကျဆင်းစေတယ်လို့ တွေ့ရှိထားရတဲ့ Xenoesterogen တစ်မျိုး ဖြစ်ပါတယ်။

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ များပြားလှတဲ့ Xenoesterogen တွေကို မအားမလပ် အလုပ်တွေ များလှတဲ့ နေ့စဉ်ဘ၀မှာ အပြည့်အ၀ ရှောင်ရှားနိုင်ဖို့ ဆိုတာ မလွယ်လှပါဘူး။ ဒါဆို ဘယ်လိုလုပ် ကြမလဲ။ ပညာရှင်တွေ အကောင်းဆုံး အကြံပေးထားတာက Xenoesterogen တွေဟာ ကိုယ်ထဲက အဆီပြင်တွေထဲမှာ စုနေမှာ ဖြစ်လို့ ကိုယ်အလေးချိန် လျှော့ပြီး အဆီချခြင်းဟာ အဖြစ်နိုင်ဆုံး အကောင်းဆုံး နည်းလမ်းပါပဲတဲ့။

(၆) တစ်ညအိပ်စက်ချိန် အနည်းဆုံး ၆ နာရီ ပြည့်ပါစေ
ချီကာဂို တက္ကသိုလ်က လေ့လာခဲ့တဲ့ သုတေသန တစ်ခုရဲ့ အဖြေများအရ ညဖက်အိပ်ချိန် ၆ မပြည့်တဲ့ အမျိုးသားတွေဟာ တက်စတိုစတီရုန်း လျော့ပါးတဲ့ ဝေဒနာ ခံစားရဖို့ ပိုနီးစပ်ပါသတဲ့။ မြောက်ကယ်ရိုလိုင်းနား တက္ကသိုလ်ကလည်း အဲဒီအဆိုကို သူတို့ရဲ့ တွေ့ရှိချက်အရ ထောက်ခံပြောဆို ကြပါတယ်။ မြောက်ကယ်ရိုလိုင်းနား ကျန်းမာရေး ပညာရှင်များ တွေ့ရှိတဲ့ အချက်က အမျိုးသား တစ်ယောက်ဟာ တစ်ညတာ အိပ်ချိန် အနည်းဆုံး ၆ နာရီမှ မပြည့်တဲ့ နောက်နေ့တာမှာ တက်စတို စတီရုန်း ပမာဏ ပုံမှန်ထက် ၄၀% လောက်အထိ လျော့ကျ နေစေနိုင်ပါသတဲ့။
(၇) စိတ်ဖိစီးမှုများ ရေရှည် မထားတဲ့ အကျင့်လုပ်ပါ
ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်မှာ စိတ်ဖိစီးမှု ခံစားရတိုင်း တုန့်ပြန်မှု အနေနဲ့ ကော်တီဇော (Cortisol) ခေါ် စိတ်ဖိစီးမှုဟော်မုန်း (Stress Hormone) ထွက်ပါတယ်။ ကော်တီဇောဟာ တက်စတိုစတီရုန်း ထုတ်လုပ်မှုကို ပိတ်ပင်တားဆီးလို့ ရေရှည် စိတ်ဖိစီးမှု များသူ အမျိုးသားတွေဟာ အိမ်ထောင်ရေးနဲ့ လုပ်ငန်းစွမ်းဆောင်နိုင်မှု တွေမှာ ကျဆင်းလာတာဖြစ်ပါတယ်။

နောက်တစ်ချက်က ကော်တီဇောများရင် ၀မ်းဗိုက်မှာ အဆီတွေ စုလာတာကို အားပေးလို့ နံပါတ် (၃) မှာ ရေးခဲ့တဲ့ အတိုင်း အီစထရိုဂျင်တွေ များလာနိုင်တာမို့ စိတ်ဖိစီးမှုကို မွေးမြူမထားဘဲ ပေါ့ပေါ့ပါးပါး ရင်ဆိုင် ဖြတ်သန်းတတ်တဲ့ အကျင့်ထားစေချင်ပါတယ်။

(၈) စိတ်ဖိစီးမှု များတဲ့ ရက်တွေမှာ ဗိုက်တာမင်စီ မှီဝဲပေးပါ။
ဘယ်လိုမှ ရှောင်လွှဲမရတဲ့ စိတ်ဖိစီးမှုတွေ ဆက်တိုက်ကြုံလာရင် ဗိုက်တာမင်စီ 1000 ကနေ 1500 mg လောက် နေ့စဉ် မှီဝဲပေးနိုင်ပါတယ်။ ဗိုက်တာမင်စီဟာ ဆရာဝန် ခွင့်ပြုချက် မလိုတဲ့ ဆေးဝါးတစ်မျိုး ဖြစ်သလို ယနေ့ခေတ်မှာ အရသာလည်း ရှိတဲ့ ငုံဆေးပြားများ အဖြစ် ရရှိနေနိုင်ပြီ ဖြစ်ပါတယ်။ တစ်ပြားမှာ 500 mg ပါတာမို့ ၂ ပြားကနေ ၃ ပြား အထိ စားနိုင်ပါတယ်။ ဗိုက်တာမင်စီကို အဲလို တကယ်လိုအပ်နေတဲ့ အချိန်မှာ အရွယ်ရောက်ပြီးသူ တစ်ယောက်ဟာ 2500-3000 mg အထိ မှီဝဲလို့ ပြဿနာမရှိဘူးလို့ ကမ္ဘာ့ကျန်းမာရေး ပညာရှင်များက ပြောဆိုကြတာာမို့ စိတ်ပူစရာ မလိုပါဘူး။

ဗိုက်တာမင်စီဟာ ဇင့်လိုမျိုး Aromatase အဲန်ဇိုင်းကို ပိတ်ပင်ကာ တက်စတိုစတီရုန်း ထုတ်လုပ်မှုကို အားပေးသလို ကော်တီဇော ခေါ် စိတ်ဖိစီးမှု ဟော်မုန်း ပမာဏကိုလည်း လျော့ကျစေပါတယ်။

(၉) ကိုယ်လက်လေ့ကျင့်ခန်း လုပ်ရင် ယောက်ျားဆန်တဲ့ အမာစား လေ့ကျင့်ခန်းတွေပဲ လုပ်ပါ
အလေးမခြင်း ပုံစံအမျိုးမျိုးနဲ့ အမြန်ပြေးခြင်း စတဲ့ ကြွက်သားအား သုံးရတဲ့ လေ့ကျင့်ခန်းတွေကမှ တက်စတို စတီရုန်း ပြည့်ဝဖို့ အထောက်အကူ ပြုပြီး ရွရွပြေးခြင်းနဲ့ သာမန် ကိုယ်လက်လှုပ်ရှားမှုများ လုပ်ခြင်းကတော့ အဲလောက် အာနိသင် မရှိဘူးလို့ သိရပါတယ်။ အားကစားတစ်ခုခု စနစ်တကျ လိုက်စားသူများဟာ အမျိုးသား သဘာဝအတိုင်း ကြံ့ခိုင်သန်စွမ်းကြတယ် ဆိုတာ တက်စတိုစတီရုန်းကြောင့် ဖြစ်ပါတယ်။

(၁၀) ဆန့်ကျင်ဖက်လိင်နဲ့ ပတ်သက်တဲ့ အသွင်သဏ္ဍာန်များကလည်း အကျိုးပြုပါတယ်
ဂျာမန်ကျန်းမာရေးပညာရှင်တွေ စတွေ့တဲ့ အချက်ပါပဲ။ လှပဆွဲဆောင်မှု ရှိတဲ့ အမျိုးသမီးတွေရဲ့ အသွင်သဏ္ဍာန် အမူအရာ ပုံရိပ်တွေကို မှန်မှန် တွေ့နေရတတ်တဲ့ ယောက်ျားတွေက ပိုမို အသက်ရှည်ဖို့ နီးစပ်တယ် ဆိုတာ အဲလိုတွေ တွေ့ကြုံခံစားရတဲ့ အကြိမ်အရေအတွက် များလေလေ တက်စတိုစတီရုန်း ပုံမှန်ထွက်နေကာ အထက်မှာ ပြောခဲ့တဲ့ ရောဂါတွေ ကာကွယ်ပြီးသား ဖြစ်လို့ပါ။

(၁၁) ဗိုက်တာမင် အေ၊ဘီနဲ့ အီးများလည်း မချို့တဲ့ပါစေနဲ့
ပုံမှန် တက်စတိုစတီရုန်း ပမာဏ ရှိနေဖို့ အတွက် ဗိုက်တာမင်စီ ၊ ဇင့်အပါအ၀င် အထက်ပါ အာဟာရများအပြင် ဗိုက်တာမင် အေ၊ဘီနဲ့ အီးများလည်း မချို့တဲ့ဖို့ လိုပါတယ်။ သင်ဟာ အနီရောင်၊ အ၀ါရောင်၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များနဲ့ အသား မျှတလုံလောက်စွာ နေ့စဉ် စားတယ်ဆိုရင် ဒီပြဿနာ မရှိနိုင်ပါဘူး။ (ဒါပေမဲ့ အသားစား အရမ်းကြူးခြင်းဟာလည်း တက်စတိုစတီရုန်း ကျဆင်းစေတတ်တဲ့ အချက်တစ်ချက် ဖြစ်လို့ သတိထားစေလိုပါတယ်)

(၁၂) ကျားအင်္ဂါကို လွန်ကဲလွန်းတဲ့ အပူချိန်နဲ့ ရေရှည်ထိတွေ့မှုမှ ရှောင်ပါ
ကပ္ပာယ်အိတ်ထဲမှာ ရှိတဲ့ ဝှေးစေ့များဟာ တက်စတိုစတီရုန်းနဲ့ ဖိုမျိုးပွားဆဲလ် သုက်ကောင်များ ထုတ်လုပ်နိုင်ဖို့ အကောင်းဆုံး အပူချိန်အနေအထားမှာ ရှိနေဖို့ လိုပါတယ်။ အကောင်းဆုံး အပူချိန် (Optimal Temperature) ဆိုတာ ပုံမှန်ကိုယ်အပူချိန် ၉၇ ဒီဂရီ ဖာရင်ဟိုက်အောက် အနည်းဆုံး ၂ ဒီဂရီလောက် လျော့နည်းနေတာကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီတော့ အပူချိန်များတဲ့ အလုပ်ခွင်မှာ အလုပ်လုပ်သူတွေ သတိထားသင့်တဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။ ဒါ့အပြင် ယနေ့ခေတ်မှာ Laptop ကိုယ်စီ သယ်ဆောင်အသုံးပြုကြတော့ မသိမသာ အပူချိန် တက်နေတာကို သတိမထားမိဘဲ ပေါင်ပေါ်မှာ ကြာကြာ ထားသုံးသူတွေမှာလည်း ဒီပြဿနာ ရှိနိုင်တယ်လို့ နောက်ဆုံးပေါ် စစ်တမ်းများအရ လေ့လာတွေ့ရှိရပါတယ်။

(၁၃) အရက်သေစာ အလွန်အကျွံ သောက်ခြင်း ရှောင်ပါ
လွန်မင်းစွာ နှစ်ရှည်လများ သောက်ရင် အသည်းရဲ့ လုပ်ငန်းတာဝန်တွေ ချို့ယွင်းစပြုလာပြီး တက်စတိုစတီရုန်း ချို့တဲ့မှု ခံစားရနိုင်ပါတယ်။

(၁၄) ဂရိတ်ဖရုသီး မစားပါနဲ့
ကိုယ့်ကိုယ်ကို ကျားဟော်မုန်း အားနည်းတယ်လို့ လတ်တလော ထင်နေတဲ့ ကာလမှာ Grapefruit ခေါ် ဂရိတ်ဖရုသီး ရှောင်ကြဉ်သင့်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဂရိတ်ဖရုထဲမှာ အသည်းက အီစထရိုဂျင်တွေ ချေဖျက်ခြင်းကို တားဆီးတဲ့ ဒြပ်ပေါင်းတွေ ပါဝင်လို့ပဲ ဖြစ်ပါတယ်။ ပုံမှန်အချိန်မှာ စားရင်တော့ ဂရိတ်ဖရုသီးဟာ သွေးတိုး၊ နှလုံးသွေးကြောကျဉ်း၊ အဆီပိတ်၊ ကင်ဆာ စတဲ့ ရောဂါ အတော်များများကို ကာကွယ်ပေးနိုင်တဲ့ သဘာဝ ဓာတ်စာ တစ်မျိုးပါ။




စာဖတ်ပရိသတ် အမျိုးသားများ အနေဖြင့် အထက်ပါ Lifestyle များနဲ့ နေထိုင်သွားရင်း စွမ်းဆောင်ရည် မြင့်မားမှု၊ အောင်မြင်မှု၊ ကျန်းမာရေး ကောင်းမွန်မှု၊ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေး စတဲ့ ဆုလာဘ်များ ရရှိပိုင်ဆျိုင်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။ အထက်ပါ အချက်များဟာ အသက်အရွယ် ကြီးရင့်သူများသာမက အရွယ်ရောက်ပြီး အမျိုးသားတိုင်းနဲ့ပါ သက်ဆိုင်ပါတယ်။ ဒီဆောင်းပါးဟာ အမျိုးသား ပရိသတ်တွေ အတွက် အဓိက ရည်ရွယ်ပေမယ့် အမျိုးသမီး စာဖတ်သူများ အနေနဲ့လည်း မိမိတို့ တန်ဖိုးထား ချစ်ခင်ရသူ အမျိုးသားတွေကို လက်ဆင့်ကမ်းမျှဝေနိုင်ဖို့လည်း ကျွန်တော် ရည်ရွယ်ရေးသားခဲ့တာ ဖြစ်ပါတယ်။

http://www.mmdailynews.com/viewnews.php?id=523   မှ ကူးယူတင်ပြသည် ။ 

No comments:

Post a Comment