Monday, May 9, 2011

ကျေးဇူးတရား ဘယ်လိုဆပ်ရမလဲ


Q. ဘုန်းဘုန်း သိချင်တာလေး ရှိလာလို့ ရိုသေစွာ မေးလျှောက်အပ်ပါတယ် ဘုရား။
တစ်နေ့က တပည့်တော် ဘုရားခန်းထဲထိုင်နေရင်း ကျေးဇူးတရားအကြောင်း ပြန်စဉ်းစားမိတယ်ဘုရား။ တပည့်တော် သိတာက
၁။ ကျေးဇူးသိတတ်ရမယ်
၂။ သိတဲ့အတိုင်းလည်း ပြန်ဆပ်ရမယ်
၃။ မဆပ်နိုင်တောင် ကျေးဇူးကို ချေဖျက်တဲ့အရာမျိုး မလုပ်ရဘူး.. စသဖြင့်
မိဘ၊ ဆရာသမား၊ မိတ်ဆွေတွေလိုမျိုး လူပုဂ္ဂိုလ်တွေအပေါ် ကျေးဇူးဆပ်တာတော့ ထိုက်သင့်သလောက် တပည့်တော် နားလည်ပါတယ် ဘုန်းဘုန်း။ အကောင်းဆုံးကျေးဇူးဆပ်နည်းက တရားဓမ္မနဲ့ ကျေးဇူးဆပ်ရမယ် ဆိုတာ..
ဒါပေမယ့် ရဟန်းသံဃာတွေရဲ့ ကျေးဇူးကိုကျတော့ ဘယ်လိုဆပ်ရမလဲ ဘုရား။ ဆိုလိုတာက ဥပမာ ဘုန်းဘုန်းတို့ ရေးတဲ့ဆိုဒ်တွေကို ၀င်ဖတ်တယ်။ တရားအသိတွေရတယ်၊ ဒါဆိုရင်ပဲ ကျေးဇူးကရှိသွားပြီ။ အဲ အဲလိုမကပဲ ဘုန်းဘုန်းတို့ဆီက တိုက်ရိုက်အဆုံးအမစကား တစ်ခွန်း ရရင်ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် တရားတစ်ပုဒ်တစ်လေ နာကြားရရင်ပဲဖြစ်ဖြစ် ဒီလိုဆိုရင် ကျေးဇူးက ပိုများသွားပြန်ကော။
အဲလို၊ အဲလို တပည့်တော်အပေါ် ကျေးဇူးရှိဖူးတဲ့ ရဟန်းသံဃာတွေကို ပြန်စဉ်းစားကြည့်တော့ တော်တော်လေးကို အရေအတွက် များနေတာကို တွေ့ရတယ်ဘုရား။
- အဲဒါ တကယ်လို့ တစ်ပါးချင်းစီ ဆပ်နိုင်မယ်ဆို၊ ဒါမှမဟုတ် တစ်ပါးပါးကို အကြောင်းတိုက်ဆိုင်လို့ ဆပ်ခွင့်ကြုံပြီဆို ဘယ်လိုကျေးဇူးဆပ်ရမလဲ ဘုရား၊
- ဘယ်လို ကျေးဇူးဆပ်တာ အကောင်းဆုံး ဖြစ်စေမလဲ ဘုန်းဘုန်း
- အဆုံးအမတွေကို လိုက်နာ ကျင့်သုံးတာ အကောင်းဆုံး ဆိုခဲ့ရင်လည်း.. ဒီ့အပြင် တခြား ဘယ်လိုနည်းတွေနဲ့ ကျေးဇူးဆပ်လို့ ရနိုင်သေးလဲ ဘုရား
- နောက်ပြီး ကျေးဇူးရှိတဲ့ ရဟန်းသံဃာတွေက များလွန်းတော့ အားလုံးကိုခြုံပြီး ကျေးဇူးဆပ်မယ်ဆို ဘယ်လိုနည်းက သင့်လျော်ပါသလဲ ဘုန်းဘုန်း။
- ဘုရားရှင် ဟောကြားခဲ့တဲ့ ကျေးဇူးဆပ်နည်းလေးများ ရှိခဲ့ရင်လည်း ရိုရိုသေသေ ဖတ်ရှု နာကြားချင်ပါတယ်ဘုရား။
ရိုသေစွာ ဦးတင်လျက်
ဖိုးသား
***********************************************************
အရှင်ဝိစိတ္တ (မနာပဒါယီ)
A. ၃၈ဖြာ မင်္ဂလာ တရားတော်တွေထဲမှာ သူ့ကျေးဇူးကို သိတတ်ခြင်းဟာ မင်္ဂလာတစ်ပါးပဲလို့ ဘုရားဟောပါတယ်။ ကျေးဇူးတရားဆိုတာ ကျေးဇူးကို မသိတတ်တဲ့သူတွေ အများကြီးထဲက ကျေးဇူးရှိတယ်လို့ သိတတ်ရင်ကိုပဲ အတော်လေး ဟုတ်နေပါပြီ။ ဒီထက်ပိုပြီး ကျေးဇူးတရား ရှိတယ်ဆိုတာကိုသိကာ ဒီကျေးဇူးကို ပြန်ဆပ်နိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ အကယ်၍ အခွင့်မသာလို့ပြန်မဆပ်နိုင်တာတောင်မှ ကျေးဇူးရှင်ကို မစော်ကားမိဖို့ လိုပါတယ်။ ကျေးဇူးမဆပ်နိုင်တာဟာ တာဝန်မကျေရုံလောက်ပဲဖြစ်နိုင်ပေမယ့်ကျေးဇူးရှင်ကိုစော်ကားမိရင်တော့ဒါဟာ ကိုယ်ကိုယ်တိုင် ပြန်ခံရတဲ့အထိ ပေးဆပ်ရတတ်ပါတယ်။ ဒါကြောင့် ကျေးဇူးတရားကို သိတတ်ဖို့ လိုသလို သိပြီးရင်လည်း ပြန်ဆပ်တတ်ဖို့လိုကာ ပြန်မဆပ်နိုင်သေးရင်လည်း ကျေးဇူးရှင်ကို ကျေးမစွပ်ဖို့ လိုတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။
ကျေးဇူးတရားကိုပြန်ဆပ်ဖို့ကတော့ ဒကာလေး ပြောသလို တရားနဲ့ဆပ်တာဟာ အကောင်းဆုံးပဲဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင် တရားနဲ့အညီ၊ ဆရာသမားများရဲ့ ဆုံးမသြဝါဒနဲ့အညီ ကျင့်ကြံနေထိုင်ခြင်းဟာ ကျေးဇူးတရားကို အကောင်းဆုံး ပြန်လည်တုံ့ပြန်ပြခြင်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလို မဆပ်နိုင်သေးပါက တရားဓမ္မနဲ့ ဆပ်ခြင်း၊ ပစ္စည်းလာဘ်လာဘနဲ့ ဆပ်ခြင်းဆိုတဲ့ကျေးဇူးဆပ်နည်းနှစ်မျိုးထဲက ပစ္စည်းဝတ္ထုနဲ့ ဆပ်နိုင်ရင်လည်း ကျေးဇူးကိုပြန်လည်တုံ့ပြန်ရာရောက်ပါတယ်။ ဆရာဒကာဆိုတဲ့ ကျေးဇူးတင်ထိုက်၊ ကျေးဇူးဆပ်ထိုက်သူတွေရဲ့ ကျေးဇူးဆပ်မှုမှာ ရဟန်းတော်များက ဒကာဒကာမများရဲ့ ကျေးဇူးကို ဓမ္မနဲ့ကျေးဇူးပြန်ဆပ်နိုင်ပြီး ဒကာဒကာမများကတော့ ရဟန်းသံဃာတော်များကို အာမိသဆိုတဲ့ ပစ္စည်းဝတ္ထုနဲ့ ပြန်လည်ကျေးဇူးဆပ်နိုင်ပါတယ်။ နောက်တစ်ချက် ဆရာဒကာများကြားမှာ လိုက်နာကျင့်ကြံရမယ့် တာဝန်ဝတ္တရားများနဲ့အညီ လိုက်နာကျင့်သုံး နေထိုင်ခြင်းဟာလည်း အချင်းချင်း ကျေးဇူးဆပ်နေခြင်းတွေပဲ ဖြစ်ပါတယ်။
လူ့ကျင့်ဝတ်ဆိုတော့ သိင်္ဂါလသုတ်မှာ ဘုရားဟောထားတဲ့ လူဒကာဒကာမတွေရဲ့ ကျင့်ဝတ်ငါးပါးကိုပဲ ပြောရမှာဖြစ်ပါတယ်။ လူဒကာဒကာမတွေ အနေနဲ့ ရဟန်းသံဃာတော်များ အပေါ်မှာ
၁။ မေတ္တာနဲ့ယှဉ်တဲ့ ကာယကံမှုကိုပြုခြင်း
၂။ မေတ္တာနဲ့ယှဉ်တဲ့ ဝစီကံမှုကို ပြုခြင်း
၃။ မေတ္တာနဲ့ယှဉ်တဲ့ မနောကံမှုကို ပြုခြင်း
၎။ အလောဘတံခါးကို ဖွင့်ထားခြင်း (အလိုရှိသည့်အခါ အလှူခံဖို့ ဖိတ်ကြားခြင်း)
၅။ ဆွမ်းစတဲ့ အာမိသတို့ကို ပေးလှူခြင်း ဆိုတဲ့ အချက်ငါးချက်နဲ့အညီ နေထိုင်ကျင့်သုံးဖို့ ဟောကြားထားပါတယ်။
လူဒကာဒကာမများ အနေနဲ့ ဒီကျင့်ဝတ်နဲ့အညီ ကျင့်ကြံနေထိုင်နိုင်မယ်ဆိုရင်လည်း ဒါဟာ ကျေးဇူးဆပ်နေတာပဲ ဖြစ်ပါတယ်။ ဒီငါးပါးမှာ အဓိကကတော့ မေတ္တာတရားပဲ ဖြစ်ပါတယ်။ ကျေးဇူးတရား များများရှိလေ အဲဒီရဟန်းသံဃာတော်ကို မေတ္တာများများ ပို့ပေးလေဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် ဒါဟာ ကျေးဇူးဆပ်နေတာပဲ ဖြစ်ပါတယ်။ နောက် တတ်နိုင်သမျှ ကျေဇူးရှင် ရဟန်းသံဃာတော်တို့ လိုအပ်တဲ့ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေးဆိုင်ရာ ပစ္စည်းအာမိသများကို ပေးလှူပေးနေခြင်းဟာလည်း ကျေးဇူးဆပ်တာပဲ ဖြစ်ပါတယ်။
ဗုဒ္ဓလက်ထပ်တော် အခါက မာတိကာမာတာဆိုတဲ့ ဒကာမကြီးတစ်ယောက်ဟာ ရွာကိုတရားအားထုတ်ဖို့ ကြွလာတဲ့ ရဟန်းတော်များအထံက ကမ္မဋ္ဌာန်းတရားကို အားထုတ်ပြီး အနာဂါမ်ဖြစ်သွားခဲ့ပါတယ်။ ဒါပေမယ့် သူ့ကို ကမ္မဋ္ဌာန်းပေးတဲ့ ရဟန်းတော်များကတော့ တရားမရနိုင်ဘဲ ဖြစ်နေခဲ့ပါတယ်။ ဒီလို သူ့ရဟန်းများ တရားမရတာဟာ ဘာကြောင့်ဆိုတာသိတဲ့ ဒကာမကြီးက ရဟန်းတော်များနဲ့ သင့်တော်မယ့် ဆွမ်းအာဟာရ စတဲ့လိုအပ်ရာရာတွေကို စီမံဖန်တီး လှူဒါန်းပေးခဲ့ပါတယ်။ အဲဒီလို ဒကာမကြီးရဲ့ စီမံဖန်တီးမှုကို ခံယူပြီး ရဟန်းတော်များဟာ တရားကို ကြိုးစားအားထုတ်လိုက်တာ တစ်ပါးပြီးတစ်ပါး တရားရသွားခဲ့ပါတယ်။ မာတိကာမာတာ ဒကာမကြီးဟာ ရဟန်းတော်များရဲ့ ကမ္မဋ္ဌာန်းတရား ပြသမှုကျေးဇူးကို ကိုယ်ကိုယ်တိုင် လက်တွေ့တရားအားထုတ်ခြင်း၊ ရဟန်းတော်များ လိုအပ်တဲ့ ဆွမ်းအစရှိတဲ့ အာမိသကို လှူဒါန်း ထောက်ပံ့ပေးခြင်းနဲ့ ပြန်ပြီးကျေးဇူးဆပ်ကာ ရဟန်းတော်များကို တရားရသွားစေခဲ့ပါတယ်။ ဒါကိုကြည့်ရင် လူဒကာဒကာမများ အနေနဲ့ ရဟန်းတော်များအပေါ် လိုအပ်တဲ့ အာမိသဝတ္ထုများ လှူဒါန်းထောက်ပံ့ ပေးနေတာဟာလည်း ကျေးဇူးရှင်ကို ကျေးဇူးဆပ်နေရာ ရောက်ပါတယ်။ ကိုယ်ကိုယ်တိုင်လည်း ကျင့်မယ်၊ မေတ္တာလည်းပွားမယ်၊ အာမိသလည်း ထားမယ်ဆိုရင် လူတွေအနေနဲ့ ရဟန်းတော်များရဲ့ ကျေးဇူးတရားကို အထိုက်အလျောက် ဆပ်နေတာ အမှန်ပဲ ဖြစ်ပါတယ်။
ဆိုလိုတာက ဒကာလေးအပေါ် ကျေးဇူးများတဲ့ ရဟန်းသံဃာတော်များအား ကျေးဇူးဆပ်မယ်ဆိုရင် အဲဒီရဟန်းတော်များ သင်ကြားဟောကြားပေးတဲ့အတိုင်း လိုက်နာကျင့်သုံးနေထိုင်ခြင်း၊ ကျေးဇူးရှင် ရဟန်းတော်များကို မေတ္တာများများ ပို့သပေးခြင်း၊ အကြောင်းတိုက်ဆိုင်လို့ လက်တွေ့ကြုံဆုံခွင့်ရရင် မေတ္တာနဲ့ယှဉ်တဲ့ ကိုယ်နှုတ်စိတ် အမူအရာတွေနဲ့ ပြုစုလုပ်ကျွေးခြင်း၊ ကျေးဇူးရှင် ရဟန်းသံဃာတော်များအား လိုအပ်တဲ့ ဆွမ်းစတဲ့ အာမိသများကို တတ်နိုင်သမျှ ထောက်ပံ့လှူဒါန်းပေးခြင်း စတဲ့နည်းတွေနဲ့ ကျေးဇူးဆပ်နိုင်ပါတယ်။ ကျေးဇူးများရင်များသလို တစ်ပါးချင်းပဲ ဖြစ်ဖြစ် အားလုံးကို ခြုံပြီးပဲ ဖြစ်ဖြစ် အကောင်းဆုံး ကျေးဇူးဆပ်နည်းကတော့ မေတ္တာတရားပဲ ဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင် တရားလည်းကျင့်မယ်၊ မေတ္တာလည်း ပို့သပေးမယ်ဆိုရင် ဒါဟာ အကောင်းဆုံး ကျေးဇူးဆပ်နည်းပဲ ဖြစ်ပါတယ်။ ပစ္စည်းလေးပါးနဲ့ လိုအပ်ရင် လိုအပ်သလို တတ်နိုင်သမျှ ထောက်ပံ့လှူဒါန်းပေးခြင်းဖြင့်လည်း အာမိသနဲ့ ကျေးဇူးဆပ်နိုင်သလို ရဟန်းတော်များ တရားဓမ္မ အားထုတ်နိုင်ဖို့ ထောက်ပံ့ကူညီပေးခြင်း၊ တရားဓမ္မ ဆွေးနွေးပေးခြင်းဖြင့်လည်း ဓမ္မနဲ့အညီ ကျေးဇူးဆပ်နိုင်မှာ ဖြစ်ပါတယ်။
ဒါကြောင့် ကျေးဇူးတွေများလွန်းလို့ ကျေးဇူးဆပ်ဖို့ အခက်အခဲ ဖြစ်နေတဲ့ ဒကာလေးအနေနဲ့ တရားနဲ့အညီ ကျေးဇူးဆပ်နိုင်ဖို့ တရားလည်းကျင့်၊ ကျင့်သိတဲ့အတိုင်းလည်း ဟောပြော၊ ကျင့်ဝတ်များလည်း ဖြည့်ဆည်းကာ မေတ္တာလည်းပွား၊ အာမိသအားနဲ့လည်း လှူဒါန်းပေးမယ်ဆိုရင် တာဝန်အကျေဆုံး ကျေးဇူးဆပ်သူတစ်ယောက် ဖြစ်နေမှာ ဖြစ်ပါကြောင်း ဖြေကြားပေးလိုက်ပါတယ်။
မေတ္တာဖြင့်
ဘုန်းဘုန်းဦးဝိစိတ္တ (မနာပဒါယီ)

http://www.apymt.com/  အဖြူရောင်မေတ္တာ မှ ကူးယူတင်ပြသည်

No comments:

Post a Comment