Friday, December 9, 2011

ကမ္မဋ္ဌာန်းအားထုတ်ပါ




ဆိတ်,တင်,ဖြောင့်,ငါး၊ရှေ့မြဲ-ပွား,ကြိုးစားဘာဝနာ။

ကမ္မဋ္ဌာန်း။     ။ကမ္မဋ္ဌာန ပါဠိကို မြန်မာလို ကမ္မဋ္ဌာန်း ဟုခေါ်ကြ၏(ကမ္မ-ဘာဝနာအလုပ်၏+ဋ္ဌာန-တည်ရာ။)ကမ္မဋ္ဌာန်းအားထုတ်မူကိုပင် ဘာဝနာအလုပ် ဟုလည်းခေါ်၏(ဘာဝနာ-မိမိစိတ်ကို သာမန်လူများကဲ့သို့ သေးသေးသိမ်သိမ် မဖြစ်စေဘဲ၊ ကြီးမားစေခြင်း၊တိုးပွားစေခြင်းအလုပ်။) ကမ္မဋ္ဌာန်းအာထုတ်ရာ၌ အစဉ်အတိုင်း ဖြစ်နေသောစိတ်သည် ဘာဝနာအလုပ်ဖြစ်သောကြောင့် ကမ္မ မည်၏ ထိုဘာဝနာကမ္မ၏တည်ရာဖြစ်သော ဗုဒ္ဓဂုဏ်တော်စသော အာရုံများသည် ဌာနမည်၏။
ကမ္မဋ္ဌာန်း ၂ မျိုး။   ။ ထိုကမ္မဋ္ဌာန်းသည် သမထကမ္မဋ္ဌာန်း ၀ိပဿနာကမ္မဋ္ဌာန်းဟု (၂)မျိုးရှိ၏။ ထိုတွင် စိတ်တည်ကြည်၍ကိလေသာအပူတွေကို ငြိမ်းစေနိုင်သော သမာဓိကို “သမထ” ဟုခေါ်၏ ထိုသမထကမ္မဋ္ဌာန်းသည် ဗုဒ္ဓါနုဿတိ၊မေတ္တာ၊အသုဘ၊မရဏာနုဿတိ၊အာနပါနစသောအားဖြင့် အကျယ်(၄၀)ရှိ၏။ ရုပ်နှင့်စိတ်စေတသိက်ကို သင်္ခါရ ဟုခေါ်၏၊ ထိုရုပ်နာမ်သင်္ခါရတို့ကို အနိစ္စ၊ဒုက္ခ၊အနတ္တဟုရူနေသော ဥာဏ်ကို “၀ိပဿနာ” ဟု ခေါ်၏။ ထိုဝိပဿနာကမ္မဋ္ဌာန်းကား-အချုပ်အားဖြင့် အနိစ္စာနုပဿနာ၊ဒုက္ခာနုပဿနာ၊အနတ္တာနုပဿနာဟု (၃)မျိုးသာရှိသည်။
ကမ္မဋ္ဌာန်းအားထုတ်။     ။လောက၌ တိုးတက်ကြီးပွားအောင် မှန်းထားအပ်သောအလုပ်ဟူသမျှသည် ကြိုးစားနိုင်သူ တချို့လူများအတွက်သာ အထမြောက်၏။တချို့မှာ ကြိုးစားသော်လည်း အထမမြောက်ဘဲ ပျက်စီးတတ်သေး၏၊ မကြိုးစားလျှင်ကား အဘယ်မှာအကျိုးရပါတော့အံ့နည်း။ ထို့အတူ ဤကမ္မဋ္ဌာန်းအလုပ်ကိုလည်း ကြိုးကြိုးစားစား အားထုတ်နိုင်မှ တချို့အထမြောက်၏၊မကြိုးစားလျှင်ကား အထမမြောက်နိုင်၊သို့သော် နောင်အခါအတွက်ပါရမီဓာတ်ခံလောက်တော့ ဖြစ်စရာရှိပါသေး၏။
အားထုတ်ပုံအစဉ်။     ။ဆိတ်, တင် , ဖြောင့် , ငါး၊ ရှေ့မြဲ-ပွား, ကြိုးစားဘာဝနာ -ဟုသော မဟာဂန္ဓာရုံဆရာတော်၏လင်္ကာဆောင်ပုဒ်နှင့်အညီ…
ဆိတ်။    ။ကမ္မဋ္ဌာန်းအလုပ်ဟူသည် ပဓာနအားဖြင့် စိတ်အလုပ်ဖြစ်၏၊ထို့ကြောင့် မျက်စိအာရုံ၊ နားအာရုံဖြစ်သော ရဟန်းရှင်လူတွေ များသောနေရာ၊ စကားပြောသံ၊စာအံသံ၊ ဓာတ်စက်သံညံနေသောနေရာသည် ဆိတ်ငြိမ်သောနေရာ တိတ်ဆိတ်သောနေရာမဟုတ်ပါ။ထို့ကြောင့် လူအများကို မမြင်ရသော မတွေ့ရသော လူသံတွေမကြားရသော တိတ်ဆိတ်သော ဆိတ်ငြိမ်သောနေရာသာ ကမ္မဋ္ဌာန်းအားထုတ်ဖို့ ကောင်းသောနေရာဖြစ်သည်။
တင်။   ။ဆိတ်ငြိမ်သောနေရာကိုရပြီးသောအခါ ယောက်ျားဖြစ်လျှင် တင်ပလ္လင်ခွေ၍ ထိုင်ပါ။ မိန်းမဖြစ်လျှင် ယခုအခါဘုရားရှိခိုးရာ၌ ထိုင်သလို တ၀က်တင်ပလ္လင်ဖြင့်ထိုင်ပါ၊ ဤနည်းကား ကျမ်းဂန်တို့၌ တွေ့ရသောထိုင်ပုံဖြစ်သည်။
ယခုခေတ်။   ။ယခုအခါ၌ကား တင်ပလ္လင်ခွေ၍ ကြာကြာထိုင်လျှင် အညောင်းပြေသွားတတ်သော်လည်း နေ့ရက်များသောအခါ ထုံနာ၊ကျင်နာစသော ရောဂါတစ်မျိုးမျိုးဖြစ်လာတတ်၏။ဘာ့ကြောင့်နည်း-ကြာကြာကွေးနေရသော ခြေသလုံးပေါင်တို့၌သွေးလေတို့သည် အထက်အောက် ကောင်းစွာမလျှောက်ရသောကြောင့်တည်း။
သက်သာသလိုထိုင်။   ။ကမ္မဋ္ဌာန်းအလုပ်၌ သမာဓိရဖို့က ပဓာနဖြစ်သောကြောင့် ခြေကို ဆန့်၍ထိုင်မှ သမာဓိရလျှင် ဆန့်၍ထိုင်ပါ၊ ကုလားထိုင်စသော ငြိမ်သက်သော ထိုင်ခုံ၌ ထိုင်မှ အနေသက်သာ၍ သမာဓိရလျှင် ထိုင်ခုံ၌ထိုင်ပါ၊ညောင်းလျှင် မတ်မတ်ရပ်လိုက်ပါ၊လမ်းလျှောက်လိုလျှင် လမ်းလျှောက်လိုက်ပါ၊ သို့သော်ကမ္မဋ္ဌာန်းကိုတော့ ပျောက်မသွားအောင် သတိစိုက်ထားဖို့လိုပါသည်။ အရှင်အာနန္ဒာသည် စင်္ကြ့သွားရင်း ကာယကတာသတိကမ္မဋ္ဌာန်းကို အားထုတ်စဉ် ၀ီရိယလွန်နေသောကြောင့် တရားမပေါက်ဘဲရှိရကား ကုတင်ပေါ်၌ လှဲလျှောင်းလိုက်ရာ ခေါင်းအုံးပေါ်၌ ဦးခေါင်းမရောက်သေးခင် ရဟန္တာဖြစ်ပါသည်။
မေတ္တာသုတ်တော်။   ။မေတ္တာကမ္မဋ္ဌာန်းအားထုတ်ရာ၌” တိဋ္ဌံ စရံနိသိန္နော ၀ါ သယာနော, ယာဝတဿ ၀ီတမိဒ္ဓေါ၊ ဧတံသတိံ အဓိဋ္ဌေယျ-(သတ္တ၀ါအာရုံပေါ်၌) ရပ်နေရင်းလည်း ဤမေတ္တာသတိကို စူးစူးစိုက်စိုက် ထားရမည်၊ စင်္ကြံသွားရင်းလည်း ဤမေတ္တာသတိကို စူးစူးစိုက်စိုက် ထားရမည်၊ ထိုင်နေရင်းလည်း ဤမေတ္တာသတိကို စူးစူးစိုက်စိုက်ထားရမည်၊လှဲနေရင်းလည်း ဤမေတ္တာသတိကို စူးစူးစိုက်စိုက်ထားရမည်၊ ဤသို့မေတ္တာသုတ်၌ ဟောတော်မူပါသည်၊ထို့ကြောင့် ကျမ်းစာကလည်းထိုင်၍ချည်း အားထုတ်ရမည်ဟု မဆိုလို၊သက်သာသလိုနေ၍ အားထုတ်စေလိုပါသည်။
ဖြောင့်။     ။ထိုင်၍အားထုတ်သောအခါ၌ကား ခါးမှအထက် ကိုယ်ကို ဖြောင့်ဖြောင့်မတ်မတ်(စန့်စန့်)ထားရသည်၊ဘာကြောင့်နည်း-ခပ်ကုန်းကုန်း ခပ်ကွေးကွေးထားလျှင် ကျောရိုးချင်းထိ၍ ထပ်နေသည့်အတွက်ကြာကြာ မထိုင်နိုင်ဘဲ ဝေဒနာအမျိုးမျိုးဖြစ်လာတတ်သောကြောင့်တည်း။
ငါး။    ။အဆင်း၊အသံ၊အနံ့၊စားစရာ၊တွေ့ထိစရာဖြစ်သော ရူပါရုံ၊သဒ္ဒါရုံ၊ဂန္ဓာရုံ၊ရသာရုံ၊ဖေါဋ္ဌဗ္ဗာရုံဟူသော အာရုံငါးပါးတို့ကို စိတ်ထဲ၌ မထင်လာအောင် ဖယ်ရှားရမည်။(နေရာသဘောအားဖြင့်လည်း ထိုအာရုံတွေနှင့် မရောအောင်ဖယ်ရှား၍ စိတ်အားဖြင့်လည်း ထိုအာရုံများသို့ မသွားအောင် စောင့်စည်းထားရမည်။အကယ်၍ မြင်ရ ကြားရသော် ၊မြင်ကာမတ္တ ကြားကာမတ္တဖြင့် စိတ်ကိုရပ်စေ၍ ရှေ့တိုးပြီး မစဉ်းစားဘဲ စောင့်စည်းထားရသည်။)
ရှေ့မြဲ။   ။မိမိရှေ့၌ အာရုံကို မြဲမြဲထားရမည်၊ဗုဒ္ဓါနုဿတိဘာဝနာကမ္မဋ္ဌာန်းကို အားထုတ်သူဖြစ်လျှင် မိမိရှေ့ မနီးမဝေး၌ ဗုဒ္ဓမြတ်စွာ ကြွရောက်လာသကဲ့သို့ထင်မြင်အောင်မြဲမြဲထားရမည်၊ အခြားကမ္မဋ္ဌာန်းဖြစ်မူကား ထိုကမ္မဋ္ဌာန်းအားလျော်စွာ စိတ်၏ရှေ့မှောက်၌ အာရုံရောက်အောင် စိတ်ထဲ၌ မြဲမြဲထားရမည်။
ပွား၊ ကြိုးစား။    ။စိတ်၌ ရာဂ၊ ဒေါသ၊မာန၊ဣဿာ၊မစ္ဆရိယတို့ဖြစ်နေလျှင် “သေးသိမ်သောစိတ်” ဟုခေါ်ရ၏၊ထိုအကုသိုလ်များ မဖြစ်ဘဲ သဒ္ဓါ၊ပညာ၊သတိ၊သမာဓိ၊၀ီရိယတို့ဖြစ်နေလျှင် “တိုးပွားသောစိတ်၊ကြီးမြင့်သောစိတ်” ဟုခေါ်ရ၏၊ထိုသို့ ကြီးမြင့်တိုးပွားသောစိတ်ဖြစ်အောင် ကြိုးစားခြင်းကို “ဘာဝနာပွား” ဟုခေါ်သည်။
(ဗုဒ္ဓါနုဿတိဘာဝနာ-အရှင်ဇနကာဘိဝံသ)
လပြည့်ဝန်း(သာစည်)
တရားတော်လေးကို ဖတ်ယူမှတ်သားပြီး တရားအသိလေးတွေရသွားကြပါစေ၊ ရသည့်အားလျော်စွာ ကျင့်နိုင်ကြပါစေ၊ ကျင့်နိုင်သည့်အားလျော်စွာ မဂ်ဖိုလ်နိဗ္ဗာန်ရဲ့ အထောက်အပံ့ကောင်းတွေရသွားကြပါစေ….

လပြည့်ဝန်း   မှ တဆင့်ကူးယူတင်ပြသည် ။
ကျန်းမာချမ်းသာကြပါစေဗျာ

No comments:

Post a Comment