Sunday, December 4, 2011

မကောင်းကံနှင့်ကောင်းကံ

   မကောင်းမူကို ပြုသူသည် ဤပစ္စုပ္ပန် ဘ၀၌လည်း စိုးရိမ်ပူပန်ရ၏။
   နောင်တမလွန်ဘ၀၌လည်း စိုးရိမ်ပူပန်ရ၏။
   ပစ္စုပ္ပန် တမလွန် နှစ်ဘ၀လုံး၌ စိုးရိမ်ပူပန်ရ၏။
   ထိုသူသည် မိမိ၏ညစ်ညူးသော အကုသိုလ်ကံကြမ္မာကို မြင်၍ စိုးရိမ်ပူပန်ရ၏။
   စိုးရိမ်ပူပန်ရသည်နှင့်အမျှ ပင်ပန်းရ၏။


မိမိပြုခဲ့သော ကံသည် မိမိအနေဖြင့် ကောင်းသည်ဟု ထင်၍ လုပ်ခဲ့ခြင်းဖြစ်စေကာမူ သေခါနီးကာလ၌ သူ့သဘောသူဆောင်ကာ ကံနိမိတ်၊ ကမ္မနိမိတ်၊ ဂတိနိမိတ်သုံးပါးတို့တွင် တစ်ပါးပါးသော နိမိတ်ဖြင့်တူသောအကျိုးပေးသည့်
သဘောကို မလွဲမသွေပြမည်ဖြစ်ပါတယ်။ ၀ရမ်းပြေး လူဆိုးသည် ရာဇ၀တ်ဘေးမှပြေး၍ လွတ်ချင်လွတ်ပါမယ်၊အကုသိုလ်ကို ပြုလုပ်ခဲ့ပါက ထိုအကုသိုလ်ကို မဂ်ဥာဏ်ဖြင့် မပယ်သတ်နိုင်လျှင် (၃၁)ဘုံ၌ ဘယ်နေရာပြေးပြေး
ယင်းအကုသိုလ်၏ပြစ်ဒဏ်မှ မလွတ်နိုင်။ ပုထုဇဉ်ဖြစ်လျှင် အပါယ်လေးပါးသို့ပင်ကျနိုင်ပါတယ်။


တစ်ခါတုန်းက ဝေဠုဝန်ကျောင်းတော်မှ မနီးမဝေးရွာတစ်ရွာတွင် အလွန်ရက်စက်သော စုန္ဒအမည်ရှိတဲ့ဝက်သတ်သမား(Pork-butcher)တစ်ယောက်ရှိခဲ့ပါတယ်။ စုန္ဒ၏ အိမ်နောက်ဖေး၌ ခြံတည်၍ မွေးမြူးထားသော
ဝက်များကလည်းမနည်းပေ၊ အလိုရှိရာဝက်ကို သယ်ဆောင်ကာ အသားများ ကြွတက်လာစေရန် ၀က်ပါးစပ်ကိုဖွင့်၍ တုတ်ဖြင့်ထောက်ထားပြီးလျှင် ကျိုက်ကျိုက်ဆူနေသော ရေကို သံခွက်ဖြင့်ခပ်ကာ ပါးစပ်ထဲ့သို့လောင်းထည့်ပါတယ်။
ထိုရေပူသည် ၀မ်းထဲမှအညစ်အကြေးများကို ယူဆောင်၍ အောက်ဒွါရမှထွက်စေတယ်။ ကျိုက်ကျိုက်ဆူနေသောရေကို ၀က်၏ကျောပေါ်လောင်းချပါတယ်။ ရေပူကြောင့် ၀က်၏ကျောမည်းမည်းကြီးဖြူဖွေးလာပါတယ်။
ကျန်သောအမွှေးများကို မီးမြိုက်၍ ပစ်တယ်၊ ထို့နောက် ဓားထက်ထက်ဖြင့် ၀က်ကို လည်ပင်းမှ ပိုင်းဖြတ်လေတော့တယ်။ စုန္ဒသည် မြတ်စွာဘုရားသီတင်းသုံးနေတော်မူရာ ဝေဠုဝန်ကျောင်းတော်ဖြင့်နီးသော်လည်း
(၅၅)နှစ်ကာလပတ်လုံး ၀က်သတ်ခြင်းဖြင့်အသက်မွေးဝမ်းကျောင်းကိုပြုလုပ်ပြီး ကုသိုလ်ကောင်းမူဟူသည် ပန်းတစ်ပွင့်၊ ရေတစ်ခွက်တောင်လှူဖူးသူမဟုတ်ပါ။ စုန္ဒသည် မကောင်းသောအကျိုးပေးဖို့အချိန်ကျရောက်လာဟန်တူပါတယ်။
 မိမိပြုခဲ့တဲ့အကုသိုလ်ကံကြောင့် ကိုယ်ပေါ်၌အနာကြီးပေါက်လာတယ်။ မိမိပြုခဲ့သော ကံတို့၏အကျိုးကို ခံစားရင် အော်မြည်လျှက်လေးဖက်ထောက်ပြေးနေရပါတယ်။ အိမ်သူအိမ်သားတို့သည် သူ့ကိုဘယ်သူမျှ မတားဆီးနိုင်ဘဲ
အိမ်ထဲမှ မထွက်နိုင်ရန်သာ တံခါးရှိသမျှပိတ်၍ ထားကြရတယ်။ ဤသို့ဖြင့် (၇)ရက်တိုင်တိုင် ခံစားရကာ ရှစ်ရက်မြောက်သောနေ့တွင် သေဆုံးအ၀ီစိငရဲကြရောက်ရပါတယ်။ ထိုအခြင်းအရာကို မြတ်ဗုဒ္ဓအားလျှောက်ထားကြရာ

မြတ်ဗုဒ္ဓက-
မကောင်းမူကို ပြုသူသည် ဤပစ္စုပ္ပန် ဘ၀၌လည်း စိုရိမ်ပူပန်ရ၏။
နောင်တမလွန်ဘ၀၌လည်း စိုရိမ်ပူပန်ရ၏။
ပစ္စုပ္ပန် တမလွန် နှစ်ဘ၀လုံး၌ စိုးရိမ်ပူပန်ရ၏။
ထိုသူသည် မိမိ၏ညစ်ညူးသော အကုသိုလ်ကံကြမ္မာကို
မြင်၍ စိုးရိမ်ပူပန်ရ၏။ စိုးရိမ်ပူပန်ရသည်နှင့်အမျှ ပင်ပန်းရ၏။ဟုမိန့်တော်မူလိုက်ပါတယ်။

ဘ၀ကိုအတ္တရူထောင့်မှသော်လည်းကောင်း၊ အနတ္တရူထောင့်မှသော်လည်းကောင်း သုံးသပ်ကြည့်ပါမူ။
အတ္တရူထောင့်ဟူသည် အသာစံခြင်း၊ အနတ္တရူထောင့်ဟူသည်-အနာခံခြင်းတို့ပင်ဖြစ်ပါတယ်။ စုန္ဒသည် ဘ၀ကို အတ္တရူထောင့်မှ ကြည့်သူဖြစ်၏
ဘာဖြစ်လို့လဲဆိုတော့ သူ၏ဘ၀အတွက် အရာရာတိုင်းမှာ အသာစံခြင်းသဘောကိုသာတွေ့နေရလို့ပါ။

ဘ၀ကိုအနတ္တရူထောင့်ဘက်မှကြည့်ပါလျှင်
(၁) မြင့်မြတ်သောစိတ်နေစိတ်ထားရှိခြင်း၊
(၂) စဉ်းစဉ်းစားစားလုပ်တတ်ခြင်း၊
(၃) လုပ်နည်းလုပ်ဟန် မှန်ကန်ခြင်း
ဟူသောအင်္ဂါသုံးရပ်နှင့် ပြည့်စုံသောလုပ်ငန်းမှပေါ်ထွက်လာသောအကျိုးတရားသည်သာလျှင်သာယာဖွယ်ဖြစ်ပါတယ်။
ဒါဆိုရင် မိမိဘ၀မှာ သာယာဖွယ်တွေဖြစ်ဖို့ မကောင်းသောအသက်မွှေးဝမ်းကြောင်းမူတွေကိုလည်းရှောင်ကြဉ်ဖို့လိုတယ်ဆိုတာကို
စုန္ဒ၀တ္ထုလေးက အမြဲတမ်း မှတ်တိုင်တစ်ခုဖြစ် ထိုးပြနေတာတော့အမှန်ပါပဲ။ ဘာဖြစ်ဖြစ် မိမိဘ၀မှာ ယခုရော နောင်ရောစိတ်ချမ်းသာဖို့
စွမ်းနိုင်သလောက် ပါးနိုင်သလောက်ပါးသွားအောင် အကုသိုလ်တွေကို ကြိုးစားပြီးတော့လုပ်သွားဖို့ပါပဲ။

  ကောင်းမူပြုသောသူသည် ပစ္စုပ္ပန်ဘ၀၌လည်း ၀မ်းမြောက်ရ၏။
  တမလွန်ဘ၀၌လည်း ၀မ်းမြောက်ရ၏။
  နှစ်ဘ၀လုံး၌ပင် ၀မ်းမြောက်ရ၏။
  မိမိ၏ စင်ကြယ်သော ကုသိုလ်ကံကို မြင်၍ ၀မ်းမြောက်ရ၏။ ပို၍ ပို၍ ၀မ်းမြောက်ရ၏။

တစ်ခါတုန်းက မဟာဓမ္မိကဥပါသကာသည် သာဝတ္ထိမြို့မှာနေပါတယ်။ သူသည် သီလနှင့်ပြည့်စုံ၍ လှူဒါန်းမှူ၌လည်း မွေ့လျော်သူတစ်ယောက်ပါ။ သူ၏ဇနီးနှင့်တကွ သားခုနှစ်ယောက်၊ သမီးခုနစ်ယောက်တို့သည်လည်း ဖခင်နှင့်နည်းတူ
ကုသိုလ်ကောင်းမူပြုလုပ်ကြတယ်။ မဟာဓမ္မိက ဥပါသကာသည် တစ်နေ့ အနာရောဂါကျရောက်ပြီး အသက်ဘေးစိုးရိမ်ဖွယ်ရာကို ကြုံတွေ့ရပါတော့တယ်။ ဒီလိုနဲ့အနာရောဂါပျောက်ကင်စေခြင်းအကျိုးငှာ ရဟန်းတော်များကိုပင့်ဖိတ်ပြီး
 မဟာသတိပဋ္ဌာန်သုတ္တန်ကြီးကို ရွတ်ဖတ်စေခဲ့ပါတယ်။ ထိုတရားကိုကြားနာနေစဉ် နတ်ပြည်ခြောက်ထပ်တို့မှ နတ်ရထားခြောက်စီးသည် ကောင်းကင်မှ ဆိုက်ရောက်လာက ထိုမဟာဓမ္မိကဥပါသကာကို ရထားထက်သို့
တက်ဖို့ခေါ်ဆောင်ကြပါတယ်။ ထိုခဏ၌ပင် တရားနာနေစဉ်မို့ အနှောင့်အယှက်မဖြစ်စေခြင်းငှာ “ခဏနေကြပါဦး ခဏနေကြပါဦး” ဟု ပြောလိုက်ပါတယ်။

 မြတ်ဗုဒ္ဓဒေသနာတော်ကို ရွတ်ဖတ်နေသောရဟန်းတို့သည် မိမိတို့အား တားသည်ထင်မှတ်ကာ သုတ္တန်ရွတ်ဖတ်ခြင်းကို ရပ်စဲလိုက်ပါတယ်။ ဖခင်ပြောသောစကားကို ကြားမိသောသားသမီးတို့သည် ငါတို့အဖေသည်
အရင်တုန်းက တရားနာ၍ ရောင့်ရဲခဲ့ဖူးတယ်ဆိုတာမရှိ၊ အခုမှ တရားရွတ်ဖတ်ရာကိုလည်းရပ်ခိုင်းနေတယ်၊ သေခြင်းတရားကို ကြောက်နေပါရော့လာဆိုပြီး ငိုကြွေးကြတယ်။  
ခဏတန်ကြာသော် မဟာဓမ္မိ ကဥပါသကာသတိဝင်လာသဖြင့် သားသမီးတို့ဘာကြောင့်ငိုကြွေးနေရတာလဲဆိုတဲ့ မေးခွန်းကိုမေးလိုက်ပါတယ်။ ထိုအခါကြမှ ဥပါသကာက-ငါသည် ရဟန်းတော်တို့ကို တားမြစ်တာမဟုတ်ပါ၊
နတ်ပြည်ခြောက်ထပ်မှ နတ်ရထားခြောက်စီးဆိုက်ရောက်လာကာ ရထားမှူးတွေက နတ်ရထားအပေါ်တက်ဖို့ ခေါ်နေကြလို့ သူတို့ကို ငါတားမြစ်လိုက်ရခြင်းသာဖြစ်ပါတယ်လို့ သားသမီးတွေကိုပြန်ပြောပြလိုက်ပါတယ်။
သားသမီးတွေကလဲ မယုံသင်္ကာဖြင့်-နတ်ရထားတွေဆိုတာကဘယ်မှာလဲ လို့မေးကြပြန်တယ်။ ဒါဆို ငါ့အတွက်ပြုလုပ်ထားတဲ့ ပန်းကုံးများရှိပါသလား၊ ရှိရင်ပေးဆိုပြီး ပန်းကုံးကို ပစ်မြောက်လိုက်ရာ နတ်ရထားအပေါ်၌
ချိတ်စေပါတယ်။ သားသမီးတို့သည် ပန်းကုံးကိုသာမြင်ရ၍ နတ်ရထားတို့ကိုက မမြင်နိုင်ခဲ့ပါ။မဟာဓမ္မိကဥပါသကာကြီးက ငါ့ကိုမစိုးရိမ်ကြပါနဲ့၊ ငါတုသိတာနတ်ပြည်သို့ လိုက်ပါသွားမယ်၊ အကယ်၍ နင်တို့အားလုံးလည်း
ငါလို နတ်ပြည်မှာနေချင်တယ်ဆို ငါလိုပဲကုသိုလ်ကောင်းမူတွေလုပ်ကြပါဟု ဆုံးမစကားပြောဆိုကာ ကွယ်လွန်ခဲ့ပါတယ်။

ထိုအကြောင်းအရာကို ရဟန်းတော်များက မြတ်ဗုဒ္ဓကိုလျောက်ထားကြပါတယ်။ သို့ဖြစ်၍ မြတ်ဗုဒ္ဓက -

ကောင်းမူပြုသောသူသည် ပစ္စုပ္ပန်ဘ၀၌လည်း ၀မ်းမြောက်ရ၏။
တမလွန်ဘ၀၌လည်း ၀မ်းမြောက်ရ၏။
နှစ်ဘ၀လုံး၌ပင် ၀မ်းမြောက်ရ၏။
မိမိ၏ စင်ကြယ်သော ကုသိုလ်ကံကို မြင်၍ ၀မ်းမြောက်ရ၏။
ပို၍ ပို၍ ၀မ်းမြောက်ရ၏။ ဟုမိန့်တော်မူလိုက်ပါတယ်။
အထက်ပါဒေသနာတော်၌ မဟာဓမ္မိက လှူဒါန်းမူကိုဝါသနာပါတယ်လို့သာဖော်ပြထားပါတယ်။

သူ့ရဲ့လုပ်ဆောင်ချက်တွေကိုက မဖော်ပြခဲ့ရသေးပါဘူး။
သူ့ရဲ့လုပ်ဆောင်ချက်တွေက ဒီလိုပါ။ အဲဒီသာဝတ္ထိမြို့တော် “ဓမ္မိက ဥပါသကာအဖွဲ့ “ အမည်ဖြင့်
ဘုရားမှူးအရှိသောရဟန်းသံဃာတော်များကို ပြုစုလုပ်ကျွေးခြင်းပင်ဖြစ်ပါတယ်။ ထိုအဖွဲ့အကြီးအဆုံးခေါင်းဆောင်ကတော့ မဟာဓမ္မိကဥပါသကာပင်ဖြစ်တယ်။
အဖွဲ့၏လုပ်ငန်းများမှာ
အောက်ပါအတိုင်းပင်ဖြစ်ပါတယ်။
၁။ စာရေးတံ ယာဂုကပ်လှူခြင်း၊
၂။စာရေးတံ ဆွမ်းကပ်လှူခြင်း၊
၃။လဆန်းပက္ခ၊လဆုတ်ပက္ခဆွမ်းကပ်လှူခြင်း၊
၎။ပင့်ဖိတ်၍လှူအပ်သောဆွမ်းကို ကပ်လှူခြင်း၊
၅။ဥပုသ်နေ့၌ လှူအပ်သောဆွမ်းကို ကပ်လှူခြင်း၊
၆။ဧည့်သည်အာဂန္တုက ရဟန်းတို့အား ဆွမ်ကို ကပ်လှူခြင်း၊
၇။ကျောင်းနေသံဃာတော်များအား ဆွမ်းကို ကပ်လှူခြင်း၊
၈။ဝါဆိုသင်္ကန်းကပ်လှူခြင်းတို့ပင်ဖြစ်ပါတယ်။
အထက်ပါ ၀တ္ထုနစ်ခုကို နိုင်ယှဉ်ကြည့်လိုက်မယ်ဆိုလျှင်ဖြင့် မိမိကဘာတွေပဲပြုခဲ့ပြုခဲ့ နောက်ဆုံးထွက်သက်အချိန်မှာတော့  ကုသိုလ်ကံအားကြီးလျှင် ကုသိုလ်ကံအလျောက် ကောင်းတဲ့နိမိတ်တွေထင်ပြီး
ကောင်းတဲ့ဘုံဘ၀ကိုပဲရောက်ရမှာပါ။ မိမိက အကုသိုလ်ကံတွေများနေလျှင်  အကုသိုလ်ကံအလျှောက်မကောင်းတဲ့နိမိတ်တွေထင်ပြီး  မကောင်းတဲ့ဘုံဘ၀သို့ရောက်ကြရမှာပါ။ ယခုလက်ရှိမြန်မာပြည်မှာ
အဖွဲ့အစည်းတွေလုပ်ပြီး ကုသိုလ်ကောင်းမူတွေလုပ်နေကြတာဟာလည်း ဒီဒေသနာတော်ကလာတယ်ဆိုရင်မမှားနိုင်ပါဘူး။ ဒါမှသာလည်း မြတ်ဗုဒ္ဓသာသနာအဓွန့်ရှည်ကြာမည်မဟုတ်ပါလား။ အန္ဓပုထုဇဉ်ဖြစ်စေ၊
ကလျာဏပုထုဇဉ်ဖြစ်စေ ကောင်းမူကိုပြုတတ်ကြပါတယ်။ သို့ရာတွင် အန္ဓပုထုဇဉ်သည် ကံ-သာလျှင်အမိ၊ ကံ-သာလျှင် အဖဟူသော အတ္တဒိဋ္ဌိ အမြင်ဖြင့် သံသရာသုခကို ရရှိခံစားလို၍ ကုသိုလ်ကောင်းမှူကိုပြုတတ်၏
မည့်သည့်ကောင်းမူကိုပင်ပြုသည်ဖြစ်စေ၊ ထိုကောင်းမူ၌ ငါ-ကိုထည့်သွင်း၍ ပြုလေ့ရှိတယ်။ ကလျာဏပုထုဇဉ်က ဥာဏ်-သာလျှင်အမိ၊ ဥာဏ်သာလျှင်အဖဟူသော ကမ္မဒိဋ္ဌိအမြင်ဖြင့် သံသရာသုခထက်
အဆပေါင်းများစွာသာလွန်သော နိဗ္ဗာန်၏သန္တိသုခကို မျက်မှောက်ပြုလို၍ ကောင်းမူကိုပြုလေ့ရှိတယ်၊ မည့်သည့်ကောင်းမူကိုပင် ဖြစ်စေ ထိုကောင်းမှူ၌ ငါ-ထည့်သွင်းခြင်းကိုမပြုပါ။ ဒါလေးကလည်း
ကုသိုလ်ကောင်းမူလုပ်ရာဝယ် နှလုံးသွင်းတတ်ဖို့ အရေးကြီးလှပါကြောင်းပြောဆိုရင် မိမိဘ၀မှာ အကုသိုလ်တရားတွေကို နည်းနိုင်သလောက်နည်းနိုင်အောင်ကြိုးစားပြီး ကုသိုလ်တရားတွေကို
တတ်စွမ်းနိုင်သလောက်ပြုလုပ်နိုင်ကြပါစေလို့ဆန္ဒပြုရင် ဒီဆောင်းပါးကို ဒီမှာပဲနိဂုံးချုပ်လိုက်ရပါတယ်။

လပြည့်ဝန်း(သာစည်)
ဘ၀အရေး စိတ်အေးရဖို့ ဓမ္မအသိရှိလျှက်နေကြစို့။

ဓမ္မပဒ၊ ယမက၀ဂ်၊ စုန္ဒ၀တ္ထု၊ ဓမ္မိကဥပါသကာဝတ္ထု ၊

No comments:

Post a Comment