Sunday, November 13, 2011

အရက်သေစာသောက်စားခြင်းသည် ပျက်စီးခြင်း၏ အကြောင်းဖြစ်၏


ယခုခေတ်မှာ အရက်သောက်မှ ခေတ်မီသည်ဟူသော အယူအဆ ပျံ့နှံ့လျက်ရှိသည်။အနောက်တိုင်း အလေ့ အထများ ပျံ့နှံ့သောကြောင့် ဖြစ်ပေမည်။ ယမကာဝိုင်းဖွဲ့ခြင်းသည် ယဉ်ကျေးမှုတစ်ရပ်ကဲ့သို့ ဖြစ်လာရုံမက သာမန် ဆွေးနွေးခြင်းထက် သဘောတူညီမှု အကျိုးတူ ပူးပေါင်းဆောင်ရွတ်မှုများ ရရှိသောကြောင့် လုပ်ငန်းအောင်မြင်သည်ဟူသော အယူအဆဖြင့် နိုင်ငံတော် အခမ်းအနားများပင် အရက်ခွက် တစ်ကိုင်ကိုင် နှင့် တွေ့နေရသည်။
အချို့က အရက်ကို အလွန်အကျွံမသောက်လျှင် စိုးရိမ်စရာမရှိဟုဆိုကြသည်။ဆေးဖြစ်ဝါးဖြစ် အတိုင်းအတာ နှင့် သောက်သည်ဟုဆိုကြသော်လည်း အကျင့်ဖြစ်သွားပါက မသောက်ရမနေနိုင်ဖြစ်တတ်သည်။ မိတ်ဖြစ် ဆွေဖြစ် သောက်ခြင်းမှစ၍ အရက်စွဲသွားတတ်၏။အလုပ်ပင်ပန်းသည့်အခါ အကြောအခြင်ပြေစေရန် စားကောင်းအိပ်ကောင်းမည်အထင်နှင့် အစာမစားခင်၊အိပ်ရာမဝင်ခင် သောက်ရာမှ အရက်စွဲသွားပြီး သေခါနီးအထိ သောက်သွားသူများကို ကြုံတွေ့ဖူးကြပေမည်။
ထမင်းဟင်း အစားအသောက်ထက် အရက်ကိုမက်၍ သောက်ကြသဖြင့် အရက်နာကြသည်။အတိုင်းအတာ အချိန်အဆမရှိ အလွန်အကျွံသောက်၍ ကျန်းမာရေးထိခိုက်လာသည်။အလွန်ကြံ့ခိုင် သန်စွမ်းသော လူငယ် လူရွယ်များပင် အရက်ကြောင့်ပြင်းထန်စွာ ခံစားရပြီး ငယ်ငယ်ရွယ်ရွယ်ဖြင့်ဘဝဆုံးကြရသည်။
စိတ်ရွှင်လန်းကြည်နူးစရာကောင်းသော နံနက်ခင်းမိုးသောက်နှင့် ညနေဆည်းဆာအချိန်များမှာ အရက်သောက်နေကြ၍ ဘဝအတွက် အခက်အခဲ အကျပ်အတည်းများကို ဖြေရှင်းရန် မစဉ်းစားနိုင်ကြပေ။ သောက်စားမူးယစ်ပြီး အဖိုးတန်အချိန်များ နှမြောစရာအချိန်များ နှမြောစရာ ဆုံးရှုံးနေကြရ၏။

ဘိန်း၊ဆေးခြောက်စသည့်စိတ်ကြွ၊စိတ်ကူးယဉ်မူးယစ်ဆေးမှန်သမျှနှင့် အရက်သည် လူကို ဒုက္ခပေးသည့် နေရာတွင် အတူတူပင်ဖြစ်၏။အရက်တွင်ပါသော အယ်လ်ကိုဟောဓာတ်သည် လူ၏သွေးကိုပျစ်ခဲစေသည်။ သွေးဥများ အရက်ပြန်နှင့် စိမ်ထားသကဲ့သို့ သွေးကြောများ မာကြောလာသော သဘောရှိသည်။ သာမန် လူများရေသောက်ပေးလျှင် သွေးအရည်ပျော်ပြီး သွေးလေလည်ပတ်မှု ပုံမှန်ဖြစ်ကာ သွက်သွက်လက်လက် ဖြစ်သော်လည်း အရက်သမား၏ သွေးမှာ ရေသောက်ရုံနှင့် မလုံလောက်၊သောက်နေကျ အရက်ထည့်ပေးမှ သွေးအရည်ပျော်ပြီး သွက်သွက်လက်လက် ဖြစ်ကာ လှည့်ပတ်နိုင်လေသည်။
သောက်နေကျအချိန်ရောက်၍ လိုအပ်သည့်ပမာဏ ထည့်မပေးနိုင်လျှင် သူ၏သွေးက ပျစ်ချွဲနေပြီး သွေးကြောပိတ်၍ နှလုံးသည် အင်အားပိုမို စိုက်ညှစ်ထုတ်ရသဖြင့် အရက်သမားသည် နှလုံးတုန်ရင်ခုန် မောပန်းခြင်းဖြစ်၏။ခြေဖျား လက်ဖျားများ သွေးမရောက်၍ လက်များခြေများ တုန်လာ၏။တံတွေးကလည်း ချွဲပျစ်လာ၏။ရင်ပူရေငတ်ဖြစ်လာ၏။ဦးနှောက်ထဲရှိသွေးကြောငယ်များသို့ သွေးမရောက်၍ အရက်သမား သည် စိတ်ဓာတ်ပုံမှန်အလုပ်မလုပ်နိုင်ဘဲ ကယောင်ချောက်ချားဖြစ်လာ၏။ ကြောက်ရွံ့ထိတ်လန့်စိတ် ဝင်လာ၏။ဤသို့ဖြစ်လာလျှင် သူ၏ခန္ဓာကိုယ်အတွင်းသို့ ပုံမှန်အရက်ထည့်ပေးနေမှ နေသာထိုင်သာရှိ၏။ တစ်နေ့တစ်ကြိမ် နှစ်ကြိမ် သောက်ရုံနှင့် မရတော့ပေ။အကြိမ်အရေအတွက်များစွာ သောက်လာပြီး အမူးလွန်လဲကျ၍ သတိလစ်ခါမှ ရပ်တော့သည်။အမူးပြေ၍ သတိရလျှင် တစ်ခါထပ်သောက်ပြန်သည်။
အရက်မူးလျှင် မာန်မာနတက်ကြွ၏။မူးယစ်သူသည် မကောင်းတာမှန်သမျှ မလုပ်ဝံ့သည်မရှိ။ အားလုံးလုပ်ရဲ ၏။အရက်အရှိန်ကြောင့် မကောင်းပြစ်၊မကောင်းဒဏ်တို့ အရက်သမားကို နှိပ်စက်ဖျက်ဆီးကြတော့သည်။ မူးယစ်ခြင်းသည် ဒုစရိုက်မျိုးစုံဖြစ်ပွားရန် မျိုးစေ့ ဗီဇကြီးဖြစ်၏။ရူးမူးခြင်း လွှမ်းမိုးသဖြင့် အကြောင်းအကျိုး မဆင်ခြင် ထင်ရာပြုကျင့်တတ်၏။ကောင်းတာမှန်သမျှ ဖျက်ဆီးတတ်၏။သံသရာကောင်းစားရေးကို မဆို ထားဘိ။မျက်မှောက်စီးပွားရေးမှန်သမျှ သတိမရနိုင်။အရက်ကြောင့် လူတို့၌ဖြစ်တတ်သော အပြစ်တို့သည် များလှစွာ၏။
အရက်မူးယစ်လာသောအခါ အိမ်ရှိသားသမီး၊မယားတို့ကို အပြစ်မရှိ အပြစ်ရှာ၍ နှိပ်စက်တတ်သေး၏။ အိမ်ရှိ အဝတ်အစား၊အိုးခွက်ပန်းကန် အသုံးအဆောင်တို့ကို ဆုတ်ဖြဲ ရိုက်ခွဲပျက်စီးစေ၏။မပြစ်မှားထိုက်တဲ့ လူကြီးမိဘ၊သူတော်ကောင်းတို့ကိုလည်း ပြစ်မှားဆဲဆို ရိုက်ပုတ်တတ်၍ လူအများ၏ ဝိုင်းဝန်းရိုက်နှက် ချုပ်နှောင်ခံရခြင်း၊ဥပဒေအရ အပြစ်ပေးခြင်းများကို ခံရတတ်၏။မူးယစ်နေသောအခါ အရှက်လည်းမရှိ၊ အကြောက်လည်းမရှိ၊မူးယစ်နေသူသည် ဟိရီ သြတ္တပ္ပတရားနှစ်ပါး၏ ရန်သူစစ်စစ်ကြီးလည်းဖြစ်၏။ အရက်သောက်ခြင်း၊မူးယစ်ဆေးဝါးသုံးစွဲခြင်းတို့၏ ဆိုးကျိုးကို “သိင်္ဂါလသုတ္တန်” ၌ မျက်မှောက်ဘဝ အပြစ်ခြောက်ပါးအဖြစ်
၁။စီးပွားဥစ္စာ ပျက်စီးခြင်း။
၂။ရန်ပွားခြင်း။
၃။ရောဂါရခြင်း။
၎။နာမည်ဆိုးထွက်ခြင်း။
၅။ရှက်ဖွယ်အင်္ဂါကြီးငယ် ဖော်ပြတတ်ခြင်း။
၆။ပညာဥာဏ် အားနည်းခြင်းဟူ၍ ဟောတော်မူထားသည်။
သောက်စားမူးယစ်လေ့ရှိသူသည် ပစ္စည်းဥစ္စာကို အနည်းငယ်မျှပင် အလေးမပြုတတ်ချေ။သောက်စားရန် လိုအပ်ပါက ရှိသမျှရှာဖွေဖြုန်းတီးတတ်၏။သောက်စားသူအချင်းချင်းအတွက် ရက်ရက်ရောရော ဝေငှ သောက်စားတတ်၏။သူတော်ကောင်းတို့ကို လှူဒါန်းရသည်ထက် ရက်ရက်ရောရောရှိသေး၏။
ဤသို့သောက်စားမူးယစ်ခြင်းဖြင့် ပစ္စည်းဥစ္စာကုန်သောအခါ ခိုးဝှက်ခြင်းစသော ဒုစရိုက်မှုများဖြင့် ရှာဖွေကြ ရ၏။သို့မဟုတ်ပါကလည်း အောက်တန်းကျသော အလုပ်များဖြင့် မရှက်မကြောက်ရှာဖွေရလေသည်။ သို့သော် မူးယစ်လိုမှုစိတ်ဇောကြောင့် အနည်းငယ်မျှပင် ရှက်ရကြောက်ရကောင်းမှန်း မသိတော့ချေ။အရက် ဖိုးနှိပ်စက်၍ အနေအထိုင်ကျပ်တည်းဆင်းရဲ၏။ သားသမီးတို့ကို ပညာသင်ကြားပေးနိုင်အောင် ပစ္စည်းဥစ္စာ စုဆောင်းမိခြင်းမရှိ၍ ပညာမဲ့သားသမီးများဘဝသို့ ကျရောက်ကာ မဆင်းရဲသင့်ဘဲ ဆင်းရဲရသော သားသမီး များဖြစ်ကြရ၏။သားသမီး အရွယ်ရောက်၍ ဆင်ခြင်စဉ်းစားနိုင်ချိန်ရောက်လျှင် အရက်သမားမိဘကို အထင် အမြင်သေးကာ ပြစ်တင်ခံရတတ်လေသည်။
အရက်သေစာ သောက်စားခြင်းကြောင့် အကုသိုလ်မဖြစ်၊ဒုစရိုက်ဆယ်ပါးတွင် မပါဝင်၍ အပါယ်မရောက်ဟု အယူလွဲသူများက ဆိုတတ်သေး၏။မြတ်စွာဘုရားရှင်က
“ရဟန်းတို့……အဖန်ဖန်မှီဝဲပွားများ သောက်စားတတ်သော အရက်သေစာသောက်စားမှုသည် ငရဲ၊တိရိစ္ဆာန် ပြိတ္တာဘုံတို့၌ဖြစ်တတ်၏။အပေါ့ဆုံး သုရာမေရယ အကျိုးဆက်သည် လူဖြစ်လျှင် လူရူးဖြစ်တတ်သည်” ဟု အဋ္ဌဂုင်္တ္တရနိကာယ်၊ဒါနဝဂ် ဒုစ္စရိတဝိပါကသုတ်၌ ဟောကြားတော်မူထားသည်။
ဤသို့မျက်မှောက်ဘဝမှာပင် အညွန့်တုံး၍ အရှုံးကြီး ရှုံးခဲ့ပုံများကို မျက်မြင်သာဓကအားဖြင့် အထင်အရှား တွေ့နိုင်လေသည်။ စာပေးကျမ်းဂန်ဇာတ်ဝတ္ထု၊ရာဇဝင်တို့တွင်လည်း များစွာရှိ၏။မျက်မှောက်ဘဝ ယစ်မူးခြင်း ဓလေ့ဝါသနာသည် ဘဝအဆက်ဆက် ကူးစက်ပြီး လူရူးဘဝ၊လူနုံ လူအ၊လူထုံထိုင်းဖြစ်၍ ဘဝလက်စ မသိမ်းနိုင်အောင် အောက်တန်းကျပေတော့မည်။ထို့ကြောင့် မူးယစ်ဆေးဝါးသောက်စားခြင်းကို ပျက်စီးခြင်း ဟုဟောတော်မူလေသည်။ထိုမျှလောက် ပျက်စီးဆုံးရှုံး လူညွန့်တုံးစေသော အရက်သေစာမူးယစ်ဆေးဝါး တို့ကို ရှောင်ကြဉ်ကြပါလျှင်
၁။ကိစ္စကြီးငယ်ဟူသမျှ လျင်မြန်စွာ သိရှိနိုင်စွမ်းခြင်း။
၂။အမြဲထင်သော သတိရှိခြင်း။
၃။ရူးသွပ်မှုကင်းခြင်း၊ဥာဏ်ရှိခြင်း။
၎။မပျင်းရိခြင်း၊မမိုက်ခြင်း၊ဆွံ့အ မှုမရှိခြင်း။
၅။မယစ်ခြင်း၊မမေ့မလျော့ခြင်း၊မတွေဝေခြင်း။
၆။ကြက်သီးမွှေးညှင်း မထခြင်း၊သနားတတ်ခြင်း။
၇။အချုပ်အချယ်မရှိခြင်း။
၈။စကားမှန်ခြင်း။
၉။သူတစ်ပါးကျေးဇူးသိတတ်၊ ဆပ်တတ်ခြင်း။
၁၀။ဝန်မတိုခြင်း။
၁၁။ဘုန်းကျက်သရေရှိခြင်း။
၁၂။သီလရှိ၍ ဖြောင့်မတ်ခြင်း။
၁၃။စိတ်မဆိုးရခြင်း။
၁၄။အရှက်စိတ်မရှိခြင်း။
၁၅။မကောင်းမှုပြုရမည်ကို ကြောက်ခြင်း။
၁၆။အယူအမြင် မှန်ကန်ခြင်း။
၁၇။ပညာဥာဏ် တိုးတက်မြင့်မားခြင်း။
၁၈။ထိုးထွင်းသိမြင်ခြင်း။
၁၉။ဗဟုသုတရှိခြင်း။
၂၀။အကျိုးရှိ မရှိကို လိမ္မာပါးနပ်စွာ ဝေဖန်သုံးသပ်တတ်ခြင်း။ စသည့်(ခုဒ္ဒကပါဌ အဋ္ဌကထာ) လာ ကောင်းကျိုးကျေးဇူး တို့ကို ရရှိနိုင်ကြသည်။
ကုသိုလ်ရေး၊လူမှုရေး၊စီးပွားရေး၊ပညာရေး၊အိမ်ထောင်ရေး အဝဝကို ဖျတ်ဆီးတတ်သည့် သေရည်အရက်၊ ဘိန်း၊ဆေးခြောက် စသော မူးယစ်စေတတ်သည့် ဆေးဝါးများကို မမှီဝဲ၊မသုံးဆောင်ခြင်းဖြင့် ပျက်စီးခြင်း ဘေး”မှ ကင်းဝေးနိုင်ကြပါစေသတည်း။
မှတ်ချက်။ ။အရှင်ဓမ္မပီယ(မြောင်)၏ ပျက်စီးခြင်းဘေးဝေးကြပါစေစာအုပ်မှ ကောက်နှုတ်တင်ပြခြင်းသာ ဖြစ်ပါသည်။
စာဖတ်သူအားလုံး ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)

ဝီရဓမ္မ မှ တဆင့်ကူးယူတင်ပြသည် ။ 

No comments:

Post a Comment