Thursday, October 27, 2011

ကုသိုလ်ကောင်းမှုနဲ့ ရက်ကောင်းရက်မြတ်

တစ်လောက မြန်မာပြည်မှာရှိတဲ့ ရဟန်းဒကာမ တစ်ဦးထံက ဖုန်းဝင်လာပါတယ်။ “ကျန်းမာရေး မကောင်းတဲ့ အမေအတွက် အလှူလုပ်ပေးဖို့ဟာ အလှူလုပ်မယ့်ရက်က ပြဿဒါးရက်ကြီး ဖြစ်နေလို့
အမေတစ်ခုခုဖြစ်မှာ စိုးတဲ့အကြောင်း၊ အဲဒါ ဘယ်နေ့လုပ်သင့်တယ်ဆိုတာ အရှင်ဘုရားဆီက အကြံဉာဏ်တောင်းလိုတဲ့ အကြောင်း” လျှောက်လာပါတယ်။ ဖြစ်မှဖြစ်ရလေ။ ကုသိုလ်လုပ်တာပဲ ပြဿဒါးရက် ဖြစ်နေလို့တဲ့။ လွဲနေတာကို ပြောတာပါ။ “အမေတစ်ခုခုဖြစ်မှာစိုးရင် ဟိုရက်ဒီရက် ရွေးမနေနဲ့ အမေဘာမှ မဖြစ်ခင် အမြန်သာလုပ်ပေးလိုက်”လို့ ဘုန်းဘုန်းက ပြောလိုက်ပါတယ်။ သူတို့ယူဆသလို ကုသိုလ်လုပ်တာတောင် ရက်မကောင်းလို့ ကောင်းတဲ့ရက်ကို စောင့်ရင်း လုပ်ကြမယ်ဆိုရင်တော့ သေမယ့်သူက သေသွားမှဖြင့် ဘာမှကို ရလိုက်ကြမှာ မဟုတ်ပါဘူး။


အဲဒါပါပဲ။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေရဲ့ အရိုးစွဲနေတဲ့ အလွဲတွေထဲမှာ ရက်ရာဇာ၊ ပြဿဒါး ရွေးတတ်တဲ့ အလွဲကလည်း ဖျောက်ဖျက်ဖို့ခက်တဲ့ အလွဲတစ်ခုလို ဖြစ်နေတယ်ဆိုတာ။ ကောင်းတဲ့အလုပ်ကို

လုပ်တဲ့ဟာကို ဘာများ ရက်ကောင်းရက်မြတ် ရွေးနေစရာ လိုသေးလို့လဲပေါ့။ အဲဒီလို ဟိုရွေးဒီရွေး လုပ်ရင်းနဲ့ တစ်ခါတစ်လေ လုပ်ရမယ့် ကုသိုလ်ကောင်းမှုတွေ မလုပ်ဖြစ်ဘဲ ပျက်ပြယ်သွားကြတာလည်း
မနည်းလှပါဘူး။ တစ်ချို့က ကုသိုလ်ကောင်းမှု လုပ်ဖို့သာ ဟိုရက်ဒီရက် ရွေးနေကြတာ။ မကောင်းတာ လုပ်ဖို့ကျတော့ ဘာရက်မှမရွေးဘူး။ အချိန်မရွေး ထလုပ်ဖြစ်နေတတ်ကြပါတယ်။ တကယ်တမ်း
ရက်ရာဇာ၊ ပြဿဒါး ပြောကြမယ်ဆိုရင် ကောင်းတာလုပ်တဲ့နေ့ဟာ ရက်ရာဇာနေ့ဖြစ်ပြီး မကောင်းတာလုပ်တဲ့နေ့ဟာ ပြဿဒါးနေ့ပဲ ဖြစ်ပါတယ်။ ရွေးမယ်ဆိုရင်လည်း ကောင်းတဲ့အလုပ်နဲ့ မကောင်းတဲ့ အလုပ်ပဲ ရွေးစရာရှိပါတယ်။ ကောင်းတာတွေဖြစ်ချင်ရင်၊ ကောင်းတဲ့ကံတွေ ရောက်လာစေချင်ရင် ကောင်းတာတွေကို ရွေးလုပ်ဖို့ပဲ ဖြစ်ပါတယ်။

ဗုဒ္ဓအလိုတော်အရ ပြောရမယ်ဆိုရင်တော့ ကောင်းတဲ့နက္ခတ်၊ ကောင်းတဲ့မင်္ဂလာ၊ ကောင်းတဲ့အချိန်အခါ စတာတွေဆိုတာဟာ ကောင်းတဲ့သုစရိုက်အလုပ်၊ ကောင်းတဲ့ကုသိုလ် အလုပ်တွေလုပ်နေတဲ့
အချိန်အခါတွေပဲလို့ ပြောရမှာ ဖြစ်ပါတယ်။ ဒီထက် အသေးစိပ် ပြောရမယ်ဆိုရင် ကောင်းတဲ့ကာယကံ အမှု၊ ကောင်းတဲ့ဝစီကံအမှု၊ ကောင်းတဲ့ မနောကံအမှုတွေနဲ့ နေနေတဲ့ အချိန်အခါတွေဟာ ကောင်းတဲ့နက္ခတ်၊
 ကောင်းတဲ့မင်္ဂလာ၊ ကောင်းတဲ့ ရက်ရာဇာတွေနဲ့ နေနေတဲ့ အချိန်အခါများပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကောင်းတဲ့ရက်၊ ကောင်းတဲ့အချိန် စသဖြင့် ရွေးမယ်ဆိုရင် ကိုယ်ကိုယ်တိုင်ပဲ ကိုယ့်ရဲ့ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်အမူအရာတွေကို ကောင်းတဲ့အလုပ်တွေနဲ့ နေနိုင်အောင် ကြိုးစားရင်း ရွေးချယ်ကြဖို့ ဆိုခြင်း ဖြစ်ပါတယ်။
ဆိုလိုတာက ကောင်းတဲ့အလုပ်ကို လုပ်တဲ့အခါတွေဟာ ကောင်းတဲ့အခါ၊ ကောင်းတဲ့ရက်ကောင်း ရက်မြတ်များ ဖြစ်တဲ့အတွက် အချိန်မရွေး၊ နေရာမရွေး လုပ်ဖို့လိုကြောင်းနဲ့ မကောင်းတဲ့အလုပ် လုပ်နေတဲ့အခါတွေဟာ ဘယ်လိုအချိန်၊ ဘယ်လိုရက်မျိုးမှာ ရွေးပြီးလုပ်လုပ် မကောင်းတဲ့ ပြဿဒါးများပဲ ဖြစ်နေမှာဖြစ်လို့ အချိန်မရွေး၊ နေရာမရွေး မလုပ်ဘဲ နေနိုင်အောင် ကြိုးစားဖို့လိုကြောင်း ဆိုလိုရင်း ဖြစ်ပါတယ်။ ကောင်းမှုကုသိုလ်မှာ ပြဿဒါးဆိုတာ မရှိသလို မကောင်းမှု အကုသိုလ်မှာလည်း ရက်ရာဇာဆိုတာ မရှိတဲ့အတွက် ရက်ရာဇာ၊ ပြဿဒါးဆိုတာတွေဟာ ကိုယ်ကိုယ်တိုင်ရဲ့ ရွေးချယ်လုပ်ကိုင်မှုများသာ ဖြစ်ကြောင်း သိစေလိုရင်း ဖြစ်ပါတယ်။
 ကိုယ်က အမြဲရက်ရာဇာတွေပဲ ဖြစ်ချင်တယ်ဆိုရင် ကောင်းတာတွေကို လုပ်နေဖို့လိုပြီး ရက်ကောင်းရက်မြတ်တွေ မလိုချင်ဘူးဆိုရင်တော့ မကောင်းတဲ့အလုပ်တွေနဲ့ နေလိုကနေနိုင်ကြောင်းနဲ့ အရာရာမှာ ကိုယ့်ရဲ့ရွေးချယ်မှုသာ အဓိကကျတယ်ဆိုတာ သဘောပေါက်စေလိုရင်း ဖြစ်ပါတယ်။
ဒါကြောင့် ဘာလေးပဲ ဖြစ်ဖြစ် ရွေးချယ်လိုက်ရမှ ကျေနပ်ကြ၊ လောကဓာတ် နည်းလေးနဲ့မှ ယုံကြည်မှု ရှိတတ်ကြတဲ့ မြန်မာဗုဒ္ဓဘာသာများ အနေနဲ့ ကောင်းမှုကုသိုလ် ပြုတာဟာ ဟိုရက်ဒီရက်၊ ဟိုအချိန်ဒီအချိန်
ရွေးချယ်ရမယ့် အရာတွေ မဟုတ်တဲ့အတွက် အချိန်မရွေး၊ နေရာမရွေး လုပ်နိုင်အောင် ကြိုးစားကြဖို့နဲ့ မကောင်းမှု အကုသိုလ်ကတော့ ဘယ်နေရာ၊ ဘယ်အချိန်မှာပဲ လုပ်လုပ် လုပ်နေချိန်တွေဟာ မကောင်းတဲ့
 ပြဿဒါးတွေ ဖြစ်နေတဲ့အတွက် အချိန်နေရာ စတာတွေကို ရွေးလို့ရသလောက်ရွေး၊ ရွေ့လို့ရသလောက် ရွေ့ပြီး တဖြည်းဖြည်းနဲ့ မလုပ်ဖြစ်အောင် ကြိုးစားကြဖို့ တိုက်တွန်းရင်း အရွေးအချယ် လွဲနေကြတာတွေကို
သတိပြု ဆင်ခြင်နိုင်ဖို့ လွဲနေတတ်တဲ့ အလွဲတစ်ခုအဖြစ် တင်ပြလိုက်ရပါတယ်။

by မနာပ ဒါယီ အရှင်ဝိစိတ္တ

No comments:

Post a Comment