Friday, September 9, 2011

ဟောက်တာ ရောဂါလား


လူတိုင်းသည် ညအခါ၌ အိပ်စက်အနားယူကြပါသည်။ နောက်တနေ့ လုပ်ငန်းခွင်ကို စိတ်က်ြညလင်လန်းဆန်းစွာနှင့် ဝင်ရောက်လုပ်ကိုင်နိုင်ရန် ဖြစ်သည်။ အိပ်ရေးမဝလျှင် လုပ်ငန်းခွင်၌ အိပ်ငိုက်၍ အဆင်မပြေ ဖြစ်တတ်ပါသည်။ အလုပ်သမားအချို့ အိပ်ငိုက်၍ အသက်အန္တရာယ်ပင် ထိခိုက်တတ်ကြောင်း ကိုယ်တွေ့မျက်မြင်ရှိခဲ့ပါသည်။

စာရေးသူ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ လေဆိပ်အနီးရှိ ရှစ်ထပ်အဆောက်အအုံတခုတွင် ကြီးကြပ်သူအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်က ထိုင်းအလုပ်သမားတဦးသည် အလုပ်လုပ်နေစဉ် အိပ်ငိုက်၍ ရှစ်ထပ် အဆောက်အအုံအပေါ်ဆုံးထပ်မှ အောက်သို့ပြုတ်ကျ၍ သေဆုံးသွားသည်ကို ဝမ်းနည်းဖွယ် တွေ့ကြုံခဲ့ရဖူးပါသည်။

အိပ်ငိုက်ရခြင်း အကြောင်းရင်း များစွာရှိပါသည်။ အဓိက အကြောင်းရင်းမှာ ညဥ့်အခါအိပ်ချိန်တွင် အကြောင်းအမျိုးမျိုးကြောင့် အိပ်ရေးမဝခြင်းကြောင့် ဖြစ်ပါသည်။ အိပ်ရေးမဝခြင်းအကြောင်း အမျိုးမျိုးတွင် အိပ်နေစဉ် ဟောက်တတ်ခြင်းသည်လည်း အကြောင်းရင်းတမျိုးအဖြစ် ပါဝင်သည်။

ဟောက်တာပြဿနာ---
မိသားစုတိုင်းမှာ ညအိပ်စဉ် ဟောက်တတ်သူများ ပါတတ်ပါသည်။ အချို့မိသားစုတွင် မိသားစုတစုလုံး ဟောက်တတ်ကြောင်း တွေ့ဖူးပါသည်။ မျိုးရိုးလိုက်၍ ဟောက်တတ်သလားဟုပင် မှတ်ထင်ရပါသည်။ စာရေးသူ ပညာရေးတက္ကသိုလ်တွင် ပညာသင်ကြားနေစဉ် အဆောင်နေဖော်တဦးသည် ညစဉ်ညတိုင်း ကျယ်လောင်စွာ ဟောက်သဖြင့် အခြားအခန်းများမှ ကျောင်းသားများ၏ မလိုညည်းတွားမှုများကို ခံခဲ့ရပါသည်။ အချို့မှာ သင်္ဘော၊ မော်တော်ကား၊ ရထားဖြင့် ခရီးသွားစဉ်ကာလမှာပင် အိပ်ပျော်စဉ် ကျယ်လောင်စွာ ဟောက်ကြသဖြင့် ခရီးသွားများအဖို့ အနှောင့်အယှက် ဖြစ်ကြရသည်။ ဟောက်ခြင်းကြောင့် လူမှုရေးပြဿနာလည်း တက်တတ်ပါသည်။ စင်ကာပူနိုင်ငံက သတင်းတပုဒ်မှာ စိတ်ဝင်စားဖွယ်ကောင်းပါသည်။

လင်မယားနှစ်ဦး တရားရုံးသို့လာရောက်၍ မယားဖြစ်သူက လင်မယားကွာရှင်းခွင့် တောင်းခံခြင်း ဖြစ်ပါသည်။ သူမ၏လင်ယောက်ျားသည် ညစဉ်ညတိုင်း ကျယ်လောင်စွာ ဟောက်တတ်သဖြင့် ၄င်းသည် ညစဉ်အိပ်မရဘဲ အိပ်ရေးပျက်ရသည်ဟု ဆိုသည်။ ပထမ သည်းခံပေါင်းသင်းခဲ့သော်လည်း  နေ့စဉ် အိပ်ရေးပျက်သည့်ဒဏ်ကြောင့် သူမ၏ကျန်းမာရေးကို ထိခိုက်လာသည်ဟု ဆိုပါသည်။ ဆရာဝန်ထောက်ခံချက်ပါ ပူးတွဲတင်ပြသဖြင့် တရားသူကြီးသည် နောက်ဆုံးတွင် လင်မယားကွာရှင်းခွင့် ပြုရန် အမိန့်ချပေးခဲ့ရပါသည်။

ဟောက်တာရောဂါလား---
တနေ့၌ သားငယ်လေး မင်းခန့်ဇော်ကို ကျောင်းသွားပို့ရာ မော်တော်ကား ဝပ်ရှော့တခုရှေ့တွင် ခုံတန်းရှည်တခုပေါ်၌ လူဝကြီး တဦး  အိပ်နေစဉ် ကျယ်လောင်စွာ ဟောက်နေသည်မှာ ဝါးနှစ်ပြန် သုံးပြန်ခန့်မှပင် ကြားနေရပါသည်။ ကားဝပ်ရှော့ထဲမှ အလုပ်သမားများကလည်း ထိုအိပ်သော လူဝကြီးကို ကြည့်ကာ ဟားတိုက်ရယ်မောနေကြပါသည်။ ထိုဟောက်သံနှင့် မြင်ကွင်းကို ကြားသိမြင်တွေ့ရသော သားငယ်က ကျွန်တော်အား မေးပါသည်။


ဖေဖေ--ဟောက်တာ ရောဂါလား-တဲ့။
ဒီမေးခွန်းလေးကို ကြားသိရဲပြီး အဖြေအတွက် ဒီဆောင်းပါးလေးကို ရေးဖြစ်လိုက်ပါသည်။
ဟောက်တာနှစ်မျိုး ရှိပါသည်။
၁။ ရိုးရိုးဟောက်ခြင်း။
၂။ အိပ်နေရင်း အသက်ရှူရပ်ပြီး ဟောက်ခြင်း။


နံပါတ် ၁-ဖြစ်တဲ့ ရိုးရိုးဟောက်တာမျိုးကတော့ ကျန်းမာရေးအတွက် ဒုက္ခမပေးပေမယ့် နံပါတ် ၂-ဖြစ်တဲ့ အိပ်နေရင်း အသက်ရှူရပ်ပြီး ဟောက်ခြင်းကတော့ ကျန်းမာရေးအတွက် ဒုက္ခပေးပါတယ်။ ရောဂါလက္ခဏာတရပ်အဖြစ် ယူတတ်ကြပါတယ်။ ရိုးရိုးဟောက်တတ်ခြင်းကတော့ ကျန်းမာရေးထက် လူမှုရေးပြဿနာသာ တက်တတ်တာပါ။ မိမိဟောက်သံက ဘေးမှလူများကို အနှောင့်အယှက်ပေးမိသလို ဖြစ်တတ်ပါတယ်။

ဝတဲ့သူတွေဟာ ပိုပြီးဟောက်တတ်ပါတယ်။ အိပ်ရာပေါ် ကျောခင်းလိုက်တာနဲ့ အိပ်ပျော်သွားပြီး စောက်တော့တာပါပဲ။ အိပ်တာကြာလေလေ ပိုပြီးဟောက်လေလေပဲ။ ဝတဲ့သူတွေဟာ အသက်ရှူလမ်းကြောင်းမှာ အဆီတွေ ပိတ်နေတတ်ပါတယ်။ လေဝင် လေထွက်ကို ပိတ်တတ်လို့ အသက်ရှူခြင်း ခေခတ္တရပ်သွားတတ်ပါတယ်။ ကျွမ်းကျင်သူ ဆရာဝန်များရဲ့ စမ်းသပ်ချက်အရ တနာရီမှာ ငါးခါထက် ပိုမရပ်တတ်ဘူးလို့ ဆိုပါတယ်။ အသက်ရှူရပ်ခြင်း ၁၀-စက္ကန့်ထက်ပိုရင် အဆုတ်ကို အောက်ဆီဂျင်  မရောက်လို့ အဆုတ်မှာ လေဝင် လေထွက်မရှိဖြစ်တတ်ပါတယ်။ အောက်ဆီဂျင် ရရှိမှုနည်းရင် ဦးနှောက်ကို အောက်ဆီဂျင်ရောက်ရှိမှု နည်းပါမယ်။ ဒီအခါမှာ နှလုံးခုန်မမှန်တာတို့၊ အသက်ရှူမဝတာတို့ ဖြစ်တတ်ပါတယ်။ နောက်ဆုံး အဆုတ်ကိုပါ ထိခိုက်နိုင်ပါတယ်။

အဲဒီအကျိုးဆက်ကတော့ လူတေါပြောပြောနေတဲ့ အိပ်ရေးမဝဘူးဆိုတဲ့ ပြဿနာပါပဲ။ အိပ်တဲ့အခါ အိပ်ရေး မဝဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ဖြစ်တတ်တယ်။ ခေါင်းကိုက်တတ်တယ်။ အာခေါင်တွေ ခြောက်တတ်တယ်။ အလုပ်လုပ်တဲ့အခါ အလုပ်ထဲမှာ အာရုံမစိုက်နိုင်ဖြစ်လာတယ်။ ကားမောင်းနေစဉ် အစည်းအဝေးများလုပ်နေစဉ် လုပ်ငန်းခွင်မှာ အလုပ်လုပ်နေစဉ်မှာ အလုပ်ထဲမှာ အာရုံမစိုက်နိုင်ဘဲ ထိုငးမှိုင်းနေတတ်ပါတယ်။ နောက်ဆုံး အလုပ်လုပ်ရမှာ ပျင်းတယ်ဆိုတာမျိုးထိ ဆိုးဆိုးဝါးဝါး ဖြစ်လာတတ်ပါတယ်။ ရောဂါအနေနဲ့ကတော့ နှလုံး သွေးတိုးနဲ့ ပန်းသေ ပန်းညှိုးရောဂါတွေ ဖြစ်တတ်ပါတယ်။


ဘယ်သူတွေ ဟောက်ကြသလဲ---
ရိုးရိုးဟောက်ခြင်းဟာ မိသားစုတိုင်းလိုလိုမှာ ရှိတတ်ပါတယ်။ မိသားစုတစုမှာ တယောက်တော့ ဟောက်တတ် ပါတယ်။ ဟောက်တတ်သူကင်းတဲ့ မိသားစုဆိုတာ မရှိသလောက် ရှားပါတယ်။ အချို့မိသားစုဆိုရင်  တမိသားစုလုံး ဟောက်တတ်တာတွေ့ဖူးပါတယ်။ အထူးသဖြင့် အသက်လေးဆယ်၊ ငါးဆယ်ကျော်အရွယ် ဝတဲ့သူတွေ ပိုပြီးဟောက်တတ်ပါတယ်။ ဝတဲ့သူတွေဟောက်ရင် ပိုပြီး သတိထားရပါမယ်။ ဝတဲ့သူတွေမှာ အသက်ရှူလမ်းကြောင်းကို အဆီတွေပိတ်နေတတ်လို့ ဟောက်တဲ့အခါ အသက်ရှုခေတ္တရပ်သွားတာမျိုး ဖြစ်တတ်ပါတယ်။ ဝတဲ့သူတွေ ဟောက်တတ်တယ်ဆိုတော့ ပိန်တဲ့သူတွေကော မဟောက်တတ်ဘူးလားလို့ မေးစရာရှိပါတယ်။ ပိန်တဲ့သူတွေလည်း ဟောက်တတ်ပါတယ်။


လူကြီးတွေ ဟောက်တတ်သလို လူလတ်ပိုင်းနဲ့ ကလေးတွေလည်း ဟောက်တတ်ပါတယ်။ ဆရာဝန်ကြီးများရဲ့ စမ်းသပ်သုတေသန ပြုလုပ်ထားချက်အရ အသက်လေးဆယ်၊ ငါးဆယ်ကျော် ဝတဲ့ယောက်ျားဆိုရင် ကော်လံဆိုဒ်(၁၇)လက်မျေကာ် အင်္ကျီဝတ်သူနှင့် မိန်းမဆိုရင် ကော်လံဆိုဒ်(၁၆)လက်မ အထက် အင်္ကျီဝတ်ဆင်သူတွေမှာ ပိုပြီးဟောက်တတ်ကြောင်း တွေ့ရှိခဲ့ရပါတယ်။ ဟောက်ရင်းနဲ့ အသက်ရှူရပ်သွားတတ်တာလည်း အဲဒီသူတွေမှာ ပိုပြီးအဖြစ်များတတ်ပါတယ်။ အသက်ကြီးလာလေလေ ဟောက်တဲ့အခွင့်အလမ်း ပိုများလာလေလေလို့ ဆိုပါတယ်။


ဟောက်တာကို ကာကွယ်ကုသနိုင်သလား---
ဟောက်တာကို ကာကွယ်ကုသနိုင်သလားဆိုတော့ ကာကွယ်ကုသနိုင်ပါတယ်။ ရိုးရိုးဟောက်ခြင်းဟာ လူတိုင်းလိုလိုနီးပါး ဖြစ်တတ်တာမို့ လူမှုရေးပြဿနာလောက်သာ ဖြစ်တတ်ပါတယ်။ အဲဒီ ရိုးရိုးဟောက်ခြင်းကို ဘယ်လိုပျောက်ကင်းအောင် လုပ်ရမလဲဆိုရင် မိမိရဲ့အိပ်ဖော်ကို မေးကြည့်ရပါမယ်။ မိမိဟောက်စဉ် ဘယ်အနေအထားနဲ့ အိပ်စဉ်မှာ ဟောက်သလဲဆိုတာပါ။ ပက်လက်အနေအထားမှာ လူတွေဟာ ပိုပြီး ဟောက်တတ်ပါတယ်။ အကယ်၍ ပက်လက်အနေအထားမှာ ဟောက်တယ်ဆိုရင် ညာဘက်ကို စောင်းအိပ်လိုက်ပါ။ ညာဘက်အိပ်လို့ ဟောက်တတ်ရင် ဘယ်ဘက်ကို စောင်းအိပ်လိုက်ပါ။


ဒုတိယတမျိုးဖြစ်တဲ့ ဟောက်ရင်းနဲ့ အသက်ရှူရပ်သွားခြင်းမျိုး ဖြစ်လာရင်တောိ့အိပ်တဲ့အနေအထား ပြောင်းပေးတာမျိုးလောက်နဲ့ မလုံလောက်တော့ပါဘူး။ ဆောင်ရန် ရှောင်ရန်တွေ ရှိလာပါတယ်။ ဝတဲ့သူတွေမှာ ဗိုက်၊ လည်ပင်း စတဲ့နေရာတွေမှာ အဆီတွေများလာပါတယ်။ အထူးသဖြင့် လည်ပင်းမှာ အဆီတွေများလာလို့ လေပြွန်ချောင်းပိတ်တတ်ပါတယ်။ အသက်ရှူတဲ့ လုပ်ငန်းစဉ်ကို သွားပြီးထိခိုက် စေပါတယ်။


အသက်ရှူမဝတာ အသက်ရှူကျပ်တာတို့ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဝတဲ့သူတွေ ကိုယ်အလေးချိန်ကျအောင် ကိုယ်လက်လှုပ်ရှားမှုကို မဖြစ်မနေ ပြုလုပ်ကြရပါတယ်။ နံနက်စောစော  လမ်းထလျှောက်ခြင်းဟာ အကောင်းဆုံး ကိုယ်လက်လှုပ်ရှားတဲ့ လေ့ကျင့်ခန်းတခု ဖြစ်ပါတယ်။ အိမ်ရှင်မများအနေနဲ့ အိမ်တွင်းအလုပ်ကို တလှုပ်လှုပ်နေခြင်းဟာလည်း ကောင်းပါတယ်။ ဈေးကို တတ်နိုင်ရင် လမ်းလျှောက်သွားသင့်ပါတယ်။ အဆီများတဲ့ အစားအစာကို ရှောင်ပြီး ဟင်းသီးဟင်းရွက်၊ သစ်သီးတို့ကို များများစားသုံးသင့်ပါတယ်။ ငြိမ်သက်စွာ တိဗွီထိုင်ကြည့်တဲ့အချိန်ကို လျှော့သင့်ပါတယ်။

ပက်လက်အနေအထား ကျောခင်းအိပ်တတ်ရင် ပိုပြီးဟောက်တတ်ပါတယ်။ မိမိရဲ့လျှာက သွားကို ဖိထားမိလို့ ဖြစ်ပါတယ်။ အိပ်တဲ့အနေအထားကို ပြောင်းလို့မှ ဆက်ဟောက်နေသေးတယ်ဆိုရင်တော့ ကျွမ်းကျင်တဲ့ဆရာဝန်ထံ သွားရောက်ပြသသင့်ပါတယ်။ ခွဲစိတ်ကုသလို့ ရနိုင်ပါတယ်။ လေရှူပြွန်ပိတ်တာကို ခွဲစိတ်ပေးနိုင်ပါတယ်။ အချို့ကတော့ နှခေါင်းပိတ်လို့ အသက်ရှူကျပ်တတ်တာ ဖြစ်ပါတယ်။ ဒီလိုအခါမျိုးမှာ လေဝင်လေထွက်လမ်းကြောင်းကို ပိတ်စေတဲ့အကြောင်းရင်းကို ရှာဖွေရပါတယ်။ အဖြေရှိရင် ဆေးရှိပါတယ်။ အကြောင်းရင်း ရှာတွေ့ပြီဆိုရင် ရောဂါကို ကုသလို့ရနိုင်ပါတယ်။


အရက်သောက်လို့ ဟောက်ရင်း အသက်ရှူရပ်သွားတာမျိုး ဖြစ်တယ်ဆိုရင်တော့ အရက်သောက်တာကို ဖြတ်ပစ်ရပါမယ်။ အထူးသဖြင့် အိပ်ဆေးနဲ့ အရက် မသောက်သုံးဘဲ ရှောင်သင့်ပါတယ်။ အခုအခါ တိုးတက်နေတဲ့ ဆေးပညာနည်းလမ်းတွေနဲ့ အဆုတ်မှာ လေဝင်လေထွက် လုပ်ပေးတဲ့ စက်ကလေးတွေသုံးပြီး ကုသပေးလျက်ရှိနေပါပြီ။ အိပ်ရင်း အသက်ရှူရပ်ပြီး ဟောက်တာမျိုး နေ့စဉ်ရက်ဆက် ဖြစ်နေပြီဆိုရင်တော့ ယောက်ျားများ အထူးသတိထားသင့်ပါတယ်။ ယောက်ျားအားနည်းကာ ပန်းသေပန်းညှိုးရောဂါ ဖြစ်တ်ပါတယ်။ ကျွမ်းကျင်သူ ဆရာဝန်များထံ အမြန်သွားရောက် ဆွေးနွေးကုသသင့်ပါတယ်။


ဝသူ ဝိတ်လျှော့၊ အိပ်ဆေးနဲ့ အရက်ကိုရှောင်၊ သင့်တော်တဲ့ အနေအထားနဲ့ အိပ်ပြီး အိပ်ရင်း အသက်ရှူရပ်ကာ ဟောက်ခြင်းရောဂါမှ ကင်းဝေးကြပါစေဟု...


ဇော်အောင်မင်း (ပညာ)
(ဂမ္ဘီရ ၂၀၀၇-၂)


http://www.mawluu.com/ မှ ကူးယူတင်ပြသည် ။

No comments:

Post a Comment