Monday, February 7, 2011

ကျေးဇူးရှင် စွန်းလွန်းဆရာတော်ဘုရားကြီး ဦးက၀ိ၏ စကြာတောင်တရားတော်'

ဘုန်းကြီးတို့မြင်းခြံအရှေ့မြောက်ဘက်မှာ စကြာတောင်ဘုရားရယ်လို့ရှိတယ်။ အဲဒီစကြာတောင်ဘုရားမှာ ပွဲတော်ကျင်းပ တဲ့အခါ
ထန်းရေမူးသမားတွေ အလွန်ပေါများကြသတဲ့၊ ဒီအထဲမှာထန်းရေမူးသမားတစ်ယောက်ဟာ
ဆံပင်ကိုယောင်ပေ စူးလေးထုံး ခါးတောင်းမြှောင်အောင်ကျိုက်
ဝါးရင်းဒုတ်တိုတစ်ချောင်းကို ကိုင်ပြီး ဘုရားပွဲဈေးတန်းတလျှောက် တွေ့တဲ့
လူတိုင်းကို ပခုံးချင်းယှဉ်ယှဉ်ပြီး (မော်တဲ့လူရှာသဗျို့၊
မော်တဲ့လူရှာသဗျို့)လို့ အော်သတဲ့။


အဲဒီလို အော်နေတာကို အခြားထန်းရေမူးသမားတစ်ယောက်က မခံချင်တာနဲ့ သူ့ထက်သာအောင် သူ့လိုဘဲ ဆံပင်ကို ယောင်ပေစူးထုံး
ခါးတောင်းမြှောင်အောင်ကျိုက် သူကိုင်တဲ့ဒုတ်ထက်ကြီးတဲ့ ဒုတ်ကိုရှာပြီး
(ရှာတဲ့လူမော်သဗျို့၊ ရှာတဲ့လူ မော်သဗျို့)လို့ အော်ပြီး
ပခုံးခြင်းတိုက်မယ်ပြုသတဲ့။


ဒီတော့ ပထမထန်းရေမူးသမားက နောက်ထန်းရေမူးသမားရဲ့ မျက်နှာကိုကြည့်ပြီး (မော်တဲ့လူရှောင်သဗျို့၊ မော်တဲ့လူ ရှောင်သဗျို့)
လို့အော်ပြီးရှောင်သွားသတဲ့။

ဒို့ဒါယကာ ဒါယကာမကြီးတွေကလည်း အဲဒီ စကြာတောင်ဘုရားပွဲက ထန်းရေမူးသမားတွေနဲ့ တူနေပြီ၊ မော်တဲ့လူမတွေ့ ခင်ကတော့
(မော်တဲ့လူရှာသဗျို့၊ မော်တဲ့လူရှာသဗျို့)နဲ့(ရှာတဲ့လူမော်သဗျို့) ဆိုတာနဲ့တွေ့ပြန်တော့ (မော်တဲ့လူ ရှောင်သဗျို့၊ မော်တဲ့လူ ရှောင်သဗျို့)
နဲ့ရှောင်ရှောင်သွားကြတယ်။


ကသပဘုရားရှင် သာသနာတော်နှင့် ကြုံကြိုက်ခဲ့တုန်းက မော်တဲ့လူရှောင်သဗျို့၊ မော်တဲ့လူ ရှောင်သဗျို့နဲ့ ရှောင်ခဲ့ကြပြီ။
မော်တဲ့လူရှာသဗျို့၊ မော်တဲ့လူရှာသဗျို့-ဆိုသလို
ဂေါတမဘုရားသာသနာတော်ကြီးကိုလှမ်းပြီးဆုတောင်း ခဲ့ကြတယ်။ အဲဒီလိုဆုတောင်းခဲ့ကြလို့ ခုဂေါတမဘုရားသာသနာတော်နဲ့ ကြုံကြိုက်ကြရတယ်။


အဲဒီလိုသာသနာတော်နဲ့ ကြုံကြိုက်ပြန်တော့လည်း ဟိုယောင်ယောင်ဒီယောင်ယောင်နဲ့ နောင်အရိမေတ်တယျဘုရားရှင် ပွင့်တော်မူတဲ့အခါ
ဆီမီးငါးတိုင် ကြာငါးခိုင်နဲ့ ကိုယ်တိုင်ကိုယ်ကျလက်ဦးစွာ
ဖူးတွေ့ရပါလို၏လို့ လှမ်းပြီးဆုတောင်းနေကြ တာဟာ (မော်တဲ့လူရှောင်သဗျို့၊
မော်တဲ့လူ ရှောင်သဗျို့) လို့ အော်တာနဲ့တူတယ်။


အဲဒီလိုနဲ့ဘဲ တရှောင်ထဲရှောင်ရှောင်ပြီး နောက်ပွင့်တော်မူမဲ့ဘုရားတွေကို မြှော်မှန်းဆုတောင်းရင်း သံသရာထဲနစ်နေကြ
ရတယ်။ နိဗ်ဗာန်ရရာ ရကြောင်းဖြစ်တဲ့ တရားကိုတော့အားမထုတ်ကြဘဲ
အမေကျော်ဒွေးတော်လွမ်းမနေကြနဲ့။ ခု ဂေါတမမြတ်စွာဘုရားသာသနာတော်ကြီးနဲ့ ကြုံကြိုက်တဲ့အခါ သဒ်ဓါ၊ ၀ီရိယ၊ သတိ၊ သမာတိ၊ ပညာဗိုလ်ဆိုတဲ့ ဗိုလ်ကြီး
ငါးဦးလက်ကိုင်ထားပြီး လောဘ၊ ဒေါသ၊ မောဟဆိုတဲ့
အ၀ိဇာမောင်သောင်းကျန်းတို့ကို နှာသီးဖျားကာယတံခါးမှ ကာဗာ(အကွယ်အကာ)ယူကာ
ထိမှု၊ သိမှု-သတိကြပ်ကြပ်ပြုဆိုတဲ့ သမထ၀ိပသနာတရားနှင့် ပွားများတိုက်ထုတ်ပါက
သောတပတ်တိမဂ်အစ အရဟတ်တမဂ်အဆုံး မိမိတို့ပါရမီအတိုင်းပေါက်ရောက်နိုင်ကြပါတယ်၊
ဒီတခါတော့ စကြာတောင်ဘုရားပွဲက ထန်းရေမူးသမားလို (မော်တဲ့လူရှောင်သဗျို့၊
မော်တဲ့လူ ရှောင်သဗျို့) ဆိုသလို ရှောင်မနေ ကြနဲ့တော့။


ဒါနဲ့ ဆပ်ပြာသယ်အကြောင်း ဆက်ပြောရဦးမယ်။ ဒို့စွန်းလွန်းရွာမှာ ဆပ်ပြာ-ဆပ်ပြာ နဲ့ သူတို့ဆပ်ပြာအလွန်ချေးကျွတ် တယ်၊ အလွန်ဖြူစင်တယ်လို့
အော်ပြီးလည်ရောင်းနေကြတယ်၊ သူတို့ကိုယ်ကိုကြည့်လိုက်တော့ ချေးတွေချည်းဘဲ၊
အဲ- ဒို့ ဒကာ ဒကာမကြီးတွေလည်း အဲဒီဆပ်ပြာသယ်တွေလိုဖြစ်နေဦးမယ်။ သူတကာ့ ချေးကျွတ်ဖို့ထက် ကိုယ့်ကိုယ်က ချေးအရင်ကျွတ်ဘို့အရေးကြီးတယ်၊ သူတကာတွေအပေါ်
ဆရာလုပ်ပြီးတရားဟောနေတာထက် ကိုယ့်ကိုယ်ကို တရားရအောင်
ကြိုးစားအားထုတ်ဖို့က အရေကြီးပါတယ်။ ဒါကြောင့် ဆပ်ပြာသယ်လုပ်မနေကြနဲ့ဟု
အမြဲတစေ ဆုံးမတော်မူခဲ့လေသည်။

မှတ်ချက်။ ။
Fwd mail မှရရှိသော Chocolate site မှ Ma Aye Chan ရဲ့  blogs ကို
ကူးယူဖော်ပြခြင်း ဖြစ်ပါတယ်။
တင်ပြီးသူများရှိပါက ၀န္ဒာမိပါ။

No comments:

Post a Comment