Sunday, January 9, 2011

အာနာပါန အကျိုး ခုနှစ်ပါး

သဲအင်း ယောဂီမှန်လျှင် တရားအားထုတ်စဉ် ပေါ်လာသော ဓါတ်ကြီးလေးပါး ဖောက်ပြန်မူ ဒုက္ခဝေဒနာမှ လွတ်မြောက်ရာသို့ တရားဟော ဒေသနာတော်နှင့် အညီ ဟုတ်တိုင်း မှန်စွာ ပညာသိနှင့် သိနေစေရန် မသေမီကပင် အလေ့အကျင့် လုပ်ပြီး သူများ ဖြစ်ရပါမည်။

 ထို့ကြောင့် သဲအင်းယောဂီတွေ ဘာအကျင့်ကို ကျင့်ကြံ အားထုတ်သလဲဟု မေးလာလျှင် အသေတတ်ဖို့သာ ကျင့်နေကြတယ်ဟု ပြန်ဖြေ ပေတော့ဟု ဆရာတော် ဘုရားကြီးက မိန့်တော် မူခဲ့ပါသည်။



အာနာပါန သတိကို ကြိမ်ဖန်များစွာ ပွားများ လေ့လာလျှင်၊ အားထုတ်လျှင် ခုနှစ်ပါးသော အကျိုးအာနိသင်တို့ကို မချွတ်ရလိမ့်မည်ဟု မျှော်လင့် အပ်ကြောင်းကို မဟာဝဂ္ဂသံယုတ် ပါဠိ ဒုတိယဖလသုတ်၌ ဘုရှားရှင် ကိုယ်တော်တိုင် ဟောကြားတော် မူခဲ့ပါသည်။

အာနာပါန သတိကို ကြိမ်ဖန်များစွာ ပွားများ အားထုတ်သော သူသည် -



   1. မျက်မှောက်ဘဝ၌ပင် မသေမီ စောစော အရဟတ္တဖိုလ် ရနိုင်ခြင်း၊

   2. အရဟတ္တဖိုလ် ကိစ္စမပြီးခဲ့သော် သေခါနီး အရဟတ္တဖိုလ်ကို ပြီးနိုင်ခြင်း

   3. မသေမှီ စောစောနှင့် သေခါနီးတို့၌ အရဟတ္တဖိုလ် ကိစ္စ မပြီးခဲ့သော် အောက်သံယောဇဉ် ငါးပါး ကုန်ခြင်းကြောင့် သက်တမ်း အလည်၌ အရဟတ္တဖိုလ်သို့ ရောက်၍  ပရိနိဗ္ဗာန်ပြုရသော အန္တရာ ပရိနိဗ္ဗာန်ရီ အနာဂါမ်ဖြစ်နိုင်ခြင်း၊

   4. သက်တမ်း ထက်ဝက်လွတ်မှ အရဟတ္တဖိုလ်သို့ ရောက်၍ ပရိနိဗ္ဗာန် ပြုရသော ဥပကစ္စ ပရိနိဗ္ဗာန်ရီ အနာဂါမ် ဖြစ်နိုင်ခြင်း၊

   5. လုံ့လ ပရောဂမပါပဲ အရဟတ္တဖိုလ်သို့ ရောက်၍ ပရိနိဗ္ဗာန်ပြုရသော အသင်္ခါရ ပရိနိဗ္ဗာန်ရီ အနာဂါမ် ဖြစ်နိုင်ခြင်း၊

   6. လုံ့လ ပရောဂနှင့် တကွ အရဟတ္တဖိုလ်သို့ ရောက်၍ ပရိနိဗ္ဗာန်ပြုရသော သသင်္ခါရိက ပရိနိဗ္ဗာန်ပြုနိုင်ခြင်း၊

   7. အထက်ခရီးသို့ အဆင့်ဆင့်တက်၍ အကနိဌဘုံ ရောက်မှ အရဟတ္တဖိုလ်သို့ ရောက်သော ဥဒ္ဓံသောတ အဘနိဌဂါမ် အနာဂါမ် ဖြစ်နိုင်ခြင်းတို့ ဖြစ်ပါသည်။


--

No comments:

Post a Comment